နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအား အဆင့်မီလုံခြုံစွာ အမြန်ဆုံး ကာရံ ရန် လမ်းညွှန်ထားဟု ဆို

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအား အဆင့်မီလုံခြုံစွာ အမြန်ဆုံး ကာရံရန် နှင့် ကုန်ကျစရိတ်ကို ချက်ချင်းဖြည့်ဆည်းပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
 
“နိုင်ငံတော်အတိုင်ပင်ခံက ဒီခြံစည်းရိုးကို ပိုပြီး အဆင့်မြင့်အောင် upgrade လုပ်ဖို့  ၊ အဲဒီအတွက် ကုန်ကျစရိတ်ကို ချက်ချင်း ဖြည့်ဆည်းပေး ဖို့  လမ်းညွှန်ထားပါတယ်။ ၂၀၁၆ - ၁၇ ဘဏ္ဍာနှစ်၊ ပြီးရင် ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ် အထိ လုံးဝပြီးတဲ့အထိ ဆက်လုပ်သွားပါမယ်။ ဘတ်ဂျက်မှာ လည်း ပေးထားပါတယ်၊ BE အနေနဲ့  ကျပ် ငါးဘီလျံ ပေးထားပြီးပါပြီ။ နောက်ထပ်လည်း နည်းပညာတွေနဲ့  upgrade လုပ်သွားဖို့ အမြင့်ရော ခိုင်မာမှုရော ထပ်လုပ်သွားဖို့  ရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
 
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ရေထွက်ပေါက်များ အပါအ၀င် ခြံစည်းရိုးကာရံခြင်းအတွက် လက်ရှိတွင် ဘတ်ဂျက် ငွေကျပ် ငါးဘီလီယံ ချပေးထားပြီး ဖြစ်ကြောင်းလည်း ဦးဇော်ဌေးကပြောသည်။
 
“ခြံစည်းရိုးနဲ့ ပတ်သက်ပြီး ပေါက်တဲ့ နေရာတွေ ရှိတယ်။ မိုင်တိုင် အမှတ် (၃၀) ကနေ မိုင်တိုင် (၄၇) အကြားမှာ ပျက်နေ ပေါက်နေတာတွေ ရှိပါတယ်၊ အဲဒီ အပေါက်တွေက နေပြီးတော့ ထွက်ပြေးနေတာတွေ ရှိတယ်၊ အဲဒါတွေကို အခု ဖာနေပါပြီ၊ ပြီးရင် ကျန်နေတဲ့ မိုင် လေးဆယ်ကို ကာဖို့ အတွက် ဘတ်ဂျက် ၂၅ ရာခိုင်နှုန်း ချထားပြီးသားပါ၊ အခု ဆက်လုပ်နေပါပြီ” ဟု ဦးဇော်ဌေးကပြောသည်။
 
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို တပ်မတော် အင်ဂျင်နီယာတပ်ရင်းက တာဝန်ယူကာ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
ဇော်မင်းထွန်း
The Ladies News

 

Vote: 
No votes yet

Add new comment