တပ်မတော်(လေ)မှ ရဟတ်ယာဉ်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အား ကျော်လွန်ပျံသန်းခဲ့မှုမရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စွပ်စွဲခဲ့မှုအပေါ် တပ်မတော်(လေ)မှ ရဟတ်ယာဉ်များသည် ဘင်္ဂဘားဒေ့ရှ်နိုင်ငံ၏ နယ်စပ်သို့ ကျော်လွန်ပျံသန်းခဲ့မှုမရှိခဲ့ကြောင်း အများပြည်သူ ထင်မြင်လွဲမှားမှု မရှိစေရေး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာ ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ မြန်မာနိုင်ငံမှ ရဟတ်ယာဉ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၃ ကြိမ်ကျော်လွန် ပျံသန်းခဲ့ကြောင်းနှင့် သြဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင်လည်း လေကြောင်းပိုင်နက် ကျော်လွန်ပျံသန်းခဲ့ကြောင်း ကန့်ကွက်စာတစ်စောင် ပေးပို့ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ စက်တင်ဘာ ၁ ရက်တွင် တပ်မတော်(လေ)မှ ပျံသန်းခဲ့သည့် ရဟတ်ယာဉ်များကို စစ်ဆေးမှုများပြုလုပ်ခဲ့ရာ လေသူရဲ၏ GPS Track Log အရ နယ်စပ်မျဉ်းနှင့် မီတာ ၅၀၀ အကွာအဝေးတွင်သာ ပျံသန်းခဲ့ကြောင်း၊ အလားတူ သြဂုတ် ၂၇ ရက်တွင် ရဟတ်ယာဉ်ပျံသန်းခဲ့သည့် လမ်းကြောင်းများအရ နယ်နိမိတ်မျဉ်း၏ ၀.၄ မိုင်အကွာတွင်သာ အတက်/ အဆင်းပြုလုပ်ခဲ့သဖြင့် နယ်နိမိတ်အား ကျော်လွန်ပျံသန်းခဲ့ခြင်း မရှိကြောင်းနှင့် သြဂုတ် ၂၈ ရက်တွင်လည်း တပ်မတော်(လေ)မှ ရဟတ်ယာဉ်များဖြင့် နယ်နိမိတ်မျဉ်းအနီး ပျံသန်းခဲ့ခြင်းမရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

ထို့အတူ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၂ ရက်တွင်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ နိုင်ငံတော်သမ္မတရုံးသို့ မြန်မာ့တပ်မတော်(လေ)မှ ရဟတ်ယာဉ်များ နယ်စပ်ဖြတ်ကျော် ပျံသန်းခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကန့်ကွက်မှုနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်ကို ရှင်းလင်းတင်ပြထားပြီးဖြစ်သည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ်အောင်ဇော်ဦးကလည်း ဘင်္ဂလားဒေ့ရှ် တပ်မတော်မှ တာဝန်ရှိသူများထံ ရှင်းလင်းခဲ့ပြီး သံတမန်နည်းလမ်းအရ ဖြေရှင်းခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇော်မင်းထွန်း
ဓာတ်ပုံ - မြ၀တီ (FB)
The Ladies News

 

Vote: 
No votes yet

Add new comment