ARSA အကြမ်းဖက်တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် ISI နှင့် ISIS တို့ ပါဝင်ပတ်သက်မှုရှိမရှိကို စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေ

ရခိုင်ပြည်နယ်မြောက်ပိုင်း ARSA အကြမ်းဖက်တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် ပါကစ္စတန် ထောက်လှမ်းရေးအေဂျင်စီ (ISI) နှင့် အစ္စလာမ်မစ်စစ်သွေးကြွ (ISIS) တို့ ပါဝင်ပတ်သက်မှုရှိမရှိကို အစိုးရအနေဖြင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက စက်တင်ဘာ ၆ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“အားလုံးသိတဲ့အတိုင်းပဲ မနေ့ (စက်တင်ဘာ ၅ ရက်) က မဇ္ဈိမသတင်းမှာလည်း ပါ ပါတယ် ဒီ ARSA ဆိုတာ ပြည်ပအကူအညီ ပြည်ပအားကိုးနဲ့လုပ်တယ်ဆိုတာ အားလုံးပေါ်လွင်နေတာဖြစ်ပါတယ် အဲ့ဒီလို မဇ္ဈိမသတင်းမှာလည်းပါတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့က စုံစမ်းမှုတွေလည်းလုပ်နေပါတယ် သေချာသိရှိတဲ့အခါကျရင် အသိပေးပါမယ်”ဟု ဦးသောင်းထွန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု အရှုပ်အထွေးကိစ္စများထဲတွင် ISIS အကြမ်းဖက်အဖွဲ့နှင့် ပါကစ္စတန် ထောက်လှမ်းရေးအေဂျင်စီ ISI တို့ ပါဝင်ပတ်သက်မှုရှိသည့် သက်သေ အထောက်အထားများ ပေါ်ထွက်လာနေပြီဖြစ်ကြောင်း မဇ္ဈိမ သတင်းဌာနက သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ၂၃ နှင့် ၂၄ ရက်တို့တွင် ARSA အဖွဲ့၏ စစ်ရေးတပ်ခွဲမှူးချုပ် Hafiz Tohar ၏ ဖုန်းခေါ်ဆိုဖြေကြားမှု ၃ ကြိမ်ကို ကြားဖြတ်ဖမ်းယူထားခဲ့သည်ဆိုကာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်မှ ထောက်လှမ်းရေးများ၏ ပြောကြားချက်ကို မဇ္ဈိမက ဖော်ပြခဲ့ခြင်းဖြစ်ပြီး၊ ဖုန်းခေါ်ဆိုမှု ၃ ခုစလုံးကို ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယထောက်လှမ်းရေး အဖွဲ့တို့ကပါ တစ်ပြိုင်နက်တည်း ဖမ်းယူရရှိခဲ့ခြင်းဖြစ်သည်ဟု မဇ္ဈိမ သတင်းတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဇော်မင်းထွန်း
The Ladies News

 

Vote: 
No votes yet

Add new comment