အမျိုးသားစာပေဆုသုံးဆုရ စာရေးဆရာကြီးလင်းယုန်သစ်လွင် ရာပြည့်အခမ်းအနား ကျင်းပမည်

၁၉၅၂ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိအတွင်း လုံးချင်းစာအုပ်ပေါင်း ၆၆ အုပ် ရေးသားထုတ်ဝေနိုင်ခဲ့ပြီး အမျိုးသားစာပေဆု သုံးဆုရရှိခဲ့သည့် ညောင်တုန်းမြို့သား စာရေးဆရာကြီး လင်းယုန်သစ်လွင် ကွယ်လွန်ခြင်း ၂၄ နှစ်မြောက်နှင့် အသက် ၁ဝဝ ပြည့် အမှတ်တရ အထိမ်းအမှတ်ပွဲကို ဆရာကြီးလင်းယုန်သစ်လွင် စာပေထိန်းသိမ်းရေး ကော်မတီက ဦးစီးပြီး ညောင်တုန်းမြို့ ကျွန်းထိပ်ပိုင်း အမကကျောင်းရှိ လင်းယုန်သစ်လွင် အထိမ်းအမှတ် ကျောင်းဆောင်၌ သြဂုတ် ၂၇ ရက်တွင် တခမ်းတနား ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
 
စာရေးဆရာကြီး လင်းယုန်သစ်လွင်အား ညောင်တုန်းမြို့တွင် ဦးဖိုးလူ- ဒေါ်နှင်းဦး တို့က ၁၉၁၇ ခုနှစ် စက်တင်ဘာ ၉ ရက်က မွေးဖွားခဲ့ခြင်းဖြစ် ရာ ယခု ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် အသက် ၁ဝဝ ပြည့်တော့ မည်ဖြစ်သည်။ ၁၉၉၃ ခုနှစ် သြဂုတ် ၂၁ ရက်တွင် ကွယ်လွန်ခဲ့၍ ကွယ်လွန်ခြင်း ၂၄ နှစ်မြောက်နှင့် အသက်နှစ်(၁ဝဝ)ပြည့် အမှတ်တရ အထိမ်းအမှတ် အခမ်းအနားကျင်းပရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
 
စာရေးဆရာကြီး လင်းယုန်သစ်လွင်သည် ''သီတာသောင်ခြေဦး'' ဝတ္ထု ရှည်ဖြင့် ၁၉၆၂ ခုနှစ်အတွက် အနုပညာ စာပေဆိုင်ရာ ဝတ္ထုရှည်ဆုကို လည်းကောင်း၊ ''ယိုးဒယား- မြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးမှတ် တမ်း''စာအုပ်ဖြင့် ၁၉၆၈ ခုနှစ် အမျိုးသား စာပေဆုကိုလည်းကောင်း၊ ''ဓမ္မဝိလာသ'' စာအုပ်ဖြင့် ၁၉၇၁ ခုနှစ် အမျိုးသားစာပေဆု ကို လည်း ကောင်း ရရှိခဲ့သူဖြစ်သည်။
 
ဆရာကြီးလင်းယုန်သစ်လွင် နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ်အဖြစ် 'ရာပြည့်လင်းယုန်' အမှတ်တရ စာအုပ်ကိုလည်း စာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း ဥက္ကဋ္ဌအဖြစ် ပါဝင်သော 'လင်းယုန်သစ်လွင် စာပေထိန်းသိမ်းရေး ကော်မတီ'က ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment