Honey Garment - 2 အထည်ချုပ်စက်ရုံ အလုပ်သမားဆန္ဒပြမှု တောင်းဆို ချက်များ ပြေလည်မှုအချို့ရရှိပြီး လုပ်ငန်းခွင်အတွင်း ပြန်လည်ဝင်ရောက်

မင်္ဂလာဒုံမြို့နယ်ရှိ ဂျပန်နိုင်ငံသားပိုင် Honey Garment - 2 အထည်ချုပ် စက်ရုံ အလုပ်သမားများ ဆန္ဒပြမှုသည့် မေ ၂၄ ရက်က အလုပ်ရှင် အလုပ်သမား ပြေလည်မှုရရှိပြီင်္း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်နေပြီ ဖြစ်ကြောင်း ကိုစည်သူစိုးက ပြောသည်။
 
အလုပ်သမားများ ဆန္ဒပြမှုဖြစ်ပွားရခြင်းမှာ Honey Garment အနေဖြင့် Honey Garment - 1 အထည်ချုပ်ကို ရွှေပေါက်ကံ စက်မှုဇုန်တွင် ဖွင့်လှစ်ထားပြီး Honey Garment- 2 အထည်ချုပ်စက်ရုံအား မင်္ဂလာဒုံ စက်မှုဇုန်တွင် ဖွင့်လှစ်ကာ အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိ သည်။ သင်္ကြန်ကာလ ရုံးပိတ်ရက် ပြီးနောက် လကုန်ပိုင်း လစာပေးရာ တွင် ရွှေပေါက်ကံ စက်မှုဇုန်တွင် ဖွင့်လှစ်ထားသည့် Honey Garment - 1 စက်ရုံအား သင်္ကြန်ပိတ် သော်လည်း ဧပြီလအတွက် ရက်မှန်ကြေး ရခဲ့သည်။ သို့သော်လည်း မင်္ဂလာဒုံ စက်မှုဇုန်ရှိ Honey Garment- 2 ရက်မှန်ကြေး မရသဖြင့် အလုပ်သမား အဖွဲ့အစည်း ခေါင်းဆောင်များက အလုပ်ရှင်အား တောင်းဆိုညှိနှိုင်းခြင်းများ ရှိခဲ့သည်။
 
ထိုသို့ညှိနှိုင်းနေဆဲ ကာလအတွင်း မင်္ဂလာဒုံစက်မှုဇုန်ရှိ Honey Garment-2 စက်ရုံတွင် မေ ၁၅ ရက်က Packing ဌာန အလုပ်သမား ခေါင်းဆောင် ဦးဝင်းနိုင်ဆိုသူအား အလုပ်မှ ထုတ်ပယ်ခံရသည်။ အဆိုပါနေ့ နေ့လယ်ပိုင်း ထမင်းစားချိန်နှင့် မေ ၁၆ ရက် နံနက်ပိုင်းမှ စတင်ကာ လုပ်သားဦးရေ ၇၀၀ ခန့်ဖြင့် စတင်ဆန္ဒဖော်ထုတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
ထိုသို့စက်ရုံနှစ်ခုမှ အလုပ်သမားများ အချင်းချင်းကြား မိသားစုသဖွယ် ဆက်ဆံနေမှုများ ရှိသည့်အတွက် Honey Garment- 1 တွင်လည်း ၃ ရက်တာ တောင်းဆိုမှုများ ရှိခဲ့သည်။ ထိုသို့ တောင်းဆိုမှုများ ပြီးနောက် မေ ၂၄ ရက်တွင် သဘောတူညီချက် အချက် ၄ ချက်အား သဘောတူကာ ပြေလည်မှုအချို့ ရရှိပြီး အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး သဘောတူစာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးကာ လုပ်ငန်းခွင်အတွင်းသို့ ပြန်ဝင်ရောက် နေပြီဖြစ်ကြောင်း သိရသည်။
 
Honey Garment-2 အခြေခံအ လုပ်သမား အဖွဲ့အစည်း ကိုစည်သူစိုးက “လက်မှတ်ထိုး ဖြစ်ပါတယ်။ စက်ရုံထဲ အကုန်ဝင်ပါပြီ။ အားလုံး ပြေလည်သွားပါပြီ။ တောင်းဆိုချက် ၅ ရပ်မှာတော့ ဒေးကြေး ရက်မှန်ကြေးရဖို့ တောင်းဆိုတာပေါ့။ အလုပ်ရှင်ဘက်က လိုက်လျော မပေးဘူး။ အလုပ်သမားတွေဘက်က မိမိတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးဘက်က ပေးလိုက်ရတာပါ။ လုပ်သက်ခွင့်နဲ့ အစားထိုး ပေးလိုက်ရပါတယ်” ဟု ပြောသည်။
 
သဘောတူထားသည့် အချက်များမှာ ခံဝန်ကတိ လက်မှတ်ရေးထိုးပြီး လုပ်ငန်းခွင်အတွင်း ပြန်လည် ၀င်ရောက်ရန် ပြောဆိုချက်အား ပယ်ဖျက်ပေးရန်၊ အလုပ်ရှင် အလုပ်သမား EC အလုပ်ခန့်ထားရေး သဘောတူပါ စာချုပ်များအား အလုပ်သမားများ၏ ဆန္ဒအရ သဘောတူ ချုပ်ဆိုရန်နှင့် သင်္ကြန်ပိတ်ရက်ကို ဒေးကြေးနှင့် ရက်မှန်ကြေးပေးရန် တောင်းဆိုရာတွင် ရက်မှန်ကြေးပေးမည်ဆိုကာ လက်မှတ်ရေးထိုး ခဲ့ကြသည်။ သင်္ကြန်ပိတ်ရက် ငါးရက်အတွက် ရက်မှန်ကြေးပေးရေး ကိစ္စနှင့် ပတ်သက်ပြီး လုပ်သက်ခွင့် ၁၀ ရက်မှ ၅ ရက်ကို ပေးလိုက်ပြီး ယူကာ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောသည်။
 
အလုပ်ထုတ်ခံရသည့် ကိုဝင်းနိုင်အား အလုပ်ပြန်ခန့်ထားပြီး ကိုဝင်းနိုင် အား အလုပ်ပြန်ခန့်သည့် နေ့တွင် အလုပ်သမားများ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းသည့် အတွက် မထိုးမယ့်အကြောင်း ထပ်မံညှိနှိုင်း ရခြင်းဖြစ်ကြောင်း ကိုစည်သူစိုးက ဆက်လက်ပြောသည်။
 
ကိုစည်သူစိုးက “ကိုဝင်းနိုင်ကို ပြန်ခန့်ထားပါတယ်။ မူလနေရာ၊ မူလ ရာထူး၊ မူလလုပ်သက်နဲ့ ပြန်ခန့်တယ်။ ပြန်ခန့်တဲ့နေ့မှာ ဘယ်လိုဖြစ် သွားလဲ ဆိုရင် ဦးဝင်းနိုင်နဲ့ ရုံးမှာ တရားဝင်စာချုပ် ချုပ်ခိုင်းတာကို စက်ရုံကနေပြီး စာရွက်ကလေးနဲ့ ခံဝန်ကတိလက်မှတ်ဆိုပြီး ထိုးခိုင်း တယ်။ ကလေးတွေက ခံဝန်ကတိဆို ကြောက်နေပြီ။ စာချုပ်ပါ စည်းကမ်းချက်ကို သူတို့ဘက်က ဖောက်ဖျက်ခဲ့တာကို ခံဝန်ကတိကို သူတို့ဘက်က လုပ်တာကို ၀န်ထမ်းတွေက မထိုးချင်ကြဘူး။ ခံဝန်ကတိကို သူတို့ကြောက်နေကြပြီ။ မထိုးပေးရဲဘဲ မ၀င်ဖြစ်ကြဘူး။ အဲ့ဒီနေ့မှာ ထပ်တောင်းဆိုတာ ဖြစ်တယ်။ ခံဝန်ကတိ မထိုးတဲ့အကြောင်း”ဟု ပြောသည်။
 
အဆိုပါ Honey Garment- 2 စက်ရုံမှာ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံစက်မှု ဇုန် အကွက် အမှတ်(B-4) တွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ အဆိုပါစက်ရုံ တွင် အလုပ်သမား ကျား ၃၂၁ ဦး၊ မ ၂၃၇၉ ဦး စုစုပေါင်း ၂၇၀၀ ဦးဖြင့် လုပ်ကိုင်လျက်ရှိသည်။
 
စိုင်းဟန်
The Ladies News
 

 

Vote: 
No votes yet

Add new comment