အသံချဲ့စက်ကြိုး ဆွဲဖြုတ်သည့် ဟော်လန် နိုင်ငံသားအား တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် သုံးလ၊ ဒဏ်ငွေတစ်သိန်း ချမှတ်

အသံချဲ့စက်ကြိုး ဆွဲဖြုတ်သဖြင့် တရားစွဲခံရသည် ဟော်လန်နိုင်ငံသားအား မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ်သုံးလ၊ ဒဏ်ငွေ တစ်သိန်းပေးဆောင်ရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
 
တရားစွဲဆိုခံထားရသည့် နယ်သာလန် နိုင်ငံသားအား ရာဇသတ်ကြီးပုဒ်မ ၂၉၅ နှင့် မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဌာနမှ ဦးစီးအရာရှိက မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ (၄)၂/၁၃(၁) ဖြင့် တရားစွဲဆိုထားသည့်အပေါ် စွဲချက်တင်သင့်ကြောင်း အမိန့်ချမှတ်ခြင်း ဖြစ်သည်။
 
ထိုသို့တရားစွဲဆိုရာတွင် နယ်သာလန် နိုင်ငံသားအနေဖြင့် မူလစွဲဆိုထားသည့် သာသနာညှိုးနွမ်းစေမှု ၂၉၅ ဖြင့် မငြိစွန်းဘဲ ၂၉၆ ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ လ ချမှတ်ခြင်းဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ (၄)၂/၁၃(၁)ဖြင့် ဒဏ်ငွေတစ်သိန်း ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
 
မန္တလေးမြို့ရှိ စိမ်းရောင်စိုအဖွဲ့မှ ကိုအေးလွင်က “၂၉၅ နဲ့က မငြိဘူး။ ၂၉၆ နဲ့ချတာ အလုပ်နဲ့ထောင်ဒဏ် သုံးလ ၁၃(၁) နဲ့က ဒဏ်ငွေတစ်သိန်း မဆောင်လို့ရှိရင် ထောင်ဒဏ် ၆လ အဲ့ဒါကိုသူက ဒဏ်ငွေဆောင်တယ်။ သူရှေ့နေ ဦးလှကိုကတော့ အယူခံဝင်ပေးမယ် ပြောတယ်။ ဒီညနေ အချိန်မီရင် တစ်ခါတည်း အယူခံဝင်မယ်ပေါ့။ မနက်ဖြန် သောကြာနေ့အမီ အယူခံဝင်မယ်လို့တော့ ပြောတယ်”ဟု ပြောသည်။
နယ်သာလန်နိုင်ငံသားမှာ အသက် ၃၀ နှစ်အရွယ် Mr. KLAAS HAYTEMA ဖြစ်ပြီး အခင်းဖြစ်ရာ အနီးရှိ FOUR RIVERS တွင် တည်းခိုနေခြင်းဖြစ်သည်။ အခင်းဖြစ်ပွားရာ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိ အရှေ့ရပ်ကွက်ရှိ သုစရိတဓမ္မာရုံတွင် အသံချဲ့စက်ဖွင့်၍ ဝတ်ရွတ်နေစဉ် ၎င်းက ဝင်ရောက်လာပြီး အသံချဲ့စက် မိုက်ကြိုး များကို ဆွဲဖြုတ်ကာ ပြန်ထွက်သွားသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေရဲစခန်းသို့ ဓမ္မာရုံမှ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
 
ထို့အပြင် ရပ်ကွက်လူထုက ၎င်းတည်းခိုနေသော ဟိုတယ်ရှေ့တွင် လူစုဝေးမှုများ ဖြစ်ပေါ်လာခြင်းကြောင့် ယင်းနိုင်ငံခြားသားအား တည်ဆဲဥပဒေအရ အရေးယူမည်ဟုဆိုကာ အိမ်သို့ပြန်ရန် သက်ဆိုင်ရာ အာဏာပိုင်များက လူစုခွဲခဲ့ရခြင်းများ ရှိကြောင်း သတင်းစာအချို့တွင် ဖော်ပြချက်အရ သိရသည်။
 
စိုင်းဟန်
The Ladies News
 
 

 

Vote: 
No votes yet

Add new comment