တပ်မတော်မှ ထိုးစစ်ဆင်နေမှု ရပ်တန့်ရေးအတွက် မြစ်ကြီးနားဒေသခံ သောင်းချီ ဆန္ဒပြ

တပ်မတော်မှ KIA အပေါ် ထိုးစစ်ဆင်နေမှုများကြောင့် ဒေသခံပြည်သူများပါ ထိခိုက်မှုများရှိလာသည့်အတွက် တပ်မတော်မှ ထိုးစစ်နေမှုများ ရပ်တန့် ပေးရန်အတွက် မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ၆ ရက်က ဒေသခံပြည်သူ သောင်းချီဆန္ဒပြ တောင်းဆိုကြောင်း သိရသည်။
 
ဆန္ဒပြတောင်းဆိုခြင်းအား လူအင်အား ၂ သောင်းခန့်ဆန္ဒပြရန် မြစ်ကြီးနားမြို့ နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ခွင့်ပြုချက်ရရှိပြီးနောက် ဆန္ဒပြခြင်းဖြစ်သည်။ ဆန္ဒပြခြင်းအစီအစဉ်အား အောက်တိုဘာ ၆ ရက်(ယနေ့) နံနက် ၇ နာရီမှ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ဆန္ဒပြတောင်းဆိုခြင်းနှင့် ပတ်သက်ပြီး ဦးလုံဂျုံတူးရော်က ဟောပြောပြီးနောက် စီတန်းလှည့်လည် ဆန္ဒပြခြင်းကို စတင်ကြောင်း သိရသည်။
 
စီတန်းလှည့်လည်ရာတွင် “ထိုးစစ်ဆင်တိုက်ခိုက်မှုချက်ခြင်းရပ်”၊ “ဓာတု လက်နက် ပစ်ခတ်မှုရပ်ပေးပါ”၊ “စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ခြင်း ကို တားဆီးနှောင့်ယှက်မှု ပပျောက်ရေး”စသဖြင့် ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ “ကချင်ဒေသတွင် တပ်မတော်ထိုးစစ်ဆင် ချက်ချင်းရပ်...ချက်ချင်းရပ်”၊ “နိုင်ငံရေးပြသ၁နာကို နိုင်ငံရေးနည်းလမ်းဖြေ ရှင်းရေး...” စသည့်ကြွေးကြော်သံများ ဟစ်အော်ကြသည်။
 
ဆန္ဒပြတောင်းဆိုရာတွင် ပါဝင်သည့်ဆရာမနန်းပူက “အခုဆန္ဒပြနေတယ်။ လူက လေးသောင်းငါးသောင်းလောက် ရှိမယ်ထင်တယ်။ လူတွေအပြည့်ပဲ။ အခု တချို့က မနောကွင်းထဲ ရောက်နေပေမယ့် အနောက်မှာ လူတန်းကြီးရဲ့ သုံးချိုးတစ်ချိုးတောင် မရှိသေးဘူး။ အများကြီးကျန်သေးတယ်။ အခုလမ်းပေါ်မှာ အော်နေတယ်။ ကချင်တစ်ခုတည်း မဟုတ်ဘဲ တခြားတိုင်းရင်းသားတွေလည်း ပါတယ်။ ဒီနေ့က ကျွန်မတို့ ကချင်တွေပဲမဟုတ်ဘဲ ကချင်ဒေသမှာ မြန်မာတပ်မတော်က ထိုးစစ်ဆင်တာ မလိုလားတဲ့သူတွေ အားလုံးလိုလို ထွက်လာကြပါတယ်။ လမ်းမပေါ်မှာ တယောက်နှစ်ယောက် တန်းစီတာမဟုတ်ဘဲ တစ်လိုင်းက ဆယ်ယောက် တန်းစီတာ လမ်းအပြည်နီးပါး လူတွေအများကြီးပါပဲ”ဟု ပြောသည်။
 
အဆိုပါ စီတန်းလှည့်လည်ခြင်းအား စီတာပူရပ်ကွက် မနောကွင်းမှစတင်ကာ တက္ကသိုလ်လမ်းမကြီး၊ ထိုမှ သီတာမီးပွိုင့်၊ အဆိုပါနေရာမှ သခင်နက်ဖေလမ်း- ဘီအိုစီထောင့်- တပင်ရွှေထီးလမ်း- အံ့တော်ရှင်မီးပွိုင့်မှ ဆွပ်ပရာဘွမ်လမ်းမကြီး- (အထက-၅) ကျောင်းဘေး- ၆၃ ဧကလမ်းမှ မနောကွင်းသို့ ပြန်လည်ဝင်ရောက်ကာ ဆန္ဒပြခြင်း အစီအစဉ် ပြီးဆုံး မည်ဖြစ်သည်။
 
ယနေ့စီတန်းလှည့်လည် ဆန္ဒပြခြင်းမတိုင်ခင် အောက်တိုဘာ ၃ ရက်နေ့က ကချင်ဒေသအတွင်း တပ်မတော် ထိုးစစ်မှုများ ရပ်ဆိုင်းရေးအတွက် ဆန္ဒပြတောင်းဆိုခြင်း အခမ်းအနားအား ဒေသခံပြည်သူ ထောင်ချီ တက်ရောက်ပြီး ခွင့်ပြုချက်တင်ပြမှသာ စီတန်းလှည့်လည် ဆန္ဒပြ ရမည်ဖြစ်သဖြင့် မနောကွင်းတွင်သာ ပြီးစီးခဲ့သည်။
 
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၅ နှစ်အတွင်း ဖြစ်ပွား ခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသခံ တစ်သိန်းကျော်မှာ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည်။
 
လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ကေအိုင်အေနှင့် တပ်မတော်တို့အကြား တိုက်ပွဲများတွင် သေဆုံးဒဏ်ရာရမှုများ များပြားခဲ့ပြီး ရှမ်းပြည်နယ် မြောက် ပိုင်း မုန်းကိုးဒေသရှိ ရွာထဲသို့ လက်နက်ကြီးကျည်ဆံ ကျရောက်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရသဖြင့် တရုတ်နိုင်ငံ မန်ရှီဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ ၂၁ ပင်လုံအပြီးတွင် ကေအိုင်အေနှင့် တပ်မတော်အကြား တိုက်ပွဲများ ပြင်း ထန်စွာ ဖြစ်ပွားခဲ့ပြီး လေကြောင်း အသုံးပြုတိုက်ခိုက်မှု များလည်း ရှိခဲ့သည်။
 
စိုင်းဟန်
Photo -Kachin News Group
The Ladies News
 

Vote: 
No votes yet

Add new comment