သံလွင်မြစ်လက်တက်ပေါ်တွင် တည်ဆောက်မည့် နောင်ဖာ ရေအား လျှပ်စစ်နှင့် ရေကာတာ စီမံကိန်း ရပ်ဆိုင်းရေး ဒေသခံများ ဆန္ဒပြ

ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် သံလွင်မြစ်လက်တက်ပေါ် ဆောက်လုပ်မည့် နောင်ဖာရေကာတာ စီမံကိန်းဆောက်လုပ်ရေးအား ရပ်ဆိုင်းပေးရေးအတွက် စီမံကိန်းအနီးတစ်ဝိုက် နေထိုင်သူများက သြဂုတ် ၅ ရက်က ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြောင်းသိရသည်။
 
“နောင်ဖာ ရေကာတာ တည်ဆောက်မည့် စီမံကိန်းအနီးရှိ ကျေးရွာ အုပ်စု ၉ ခုမှ ဒေသခံများကို နိုင်ငံရေးပါတီနှင့် ရှမ်းပြည်တောင်သူ လယ်သမားများ ကွန်ရက် တို့က ရေကာတာဆောက်လုပ် ခြင်းကြောင့် ရရှိမည့် ကောင်းကျိုး ဆိုးကျိုးများနှင့် ပတ်သက်၍ ရှင်းပြပြီးနောက် တွင် ဒေသခံလူထုက စီမံကိန်းအလိုမရှိကြောင်း ဆန့်ကျင်ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။ အဓိက,က နောင်ဖာက ရှမ်းပြည်နယ်အစိုးရကို ဆောက်လုပ်ခွင့်တင်နေတယ်ပေါ့ သံလွင်မြစ်ပေါ်မှာ ဆည်ဆောက်မယ့်ကိစ္စပေါ့ နောင်ဖာအတွက် ပရိုပိုဆယ် ရှမ်းပြည်နယ်အစိုးရကိုတင်တာပေါ့ တင်တဲ့အချိန်မှာ အောက်ခြေမှာလူထုရဲ့သဘောတူညီမှုကိုလိုက်ယူတဲ့ပုံစံမျိုးပေါ့ ဒါကို လူထုကသဘောမတူညီဘူးဆိုတဲ့အကြောင်းကို ဒေသခံတိုင်းရင်းသားတွေကကန့်ကွက်ဆန္ဒပြတာပါ”ဟု မြန်မာလူထုမဟာမိတ်အဖွဲ့မှ ကိုမိုးက The Ladies သို့ပြောသည်။
တန့်ယန်းမြို့နယ်အတွင်း သံလွင်မြစ်လက်တက်ပေါ် တွင် တရုတ်ကုမ္မဏီမှ တည်ဆောက်မ ည့် နောင်ဖာရေအား လျှပ်စစ်စီ မံကိန်း မှ ရေအားလျှပ်စစ် ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်သည်။
“သယံဇာတအရင်းအမြစ်တွေကို ထုတ်ယူမယ့်စီမံကိန်းတွေကို အနာဂတ်မှာ ငြိမ်းချမ်းရေးဆွေးနွေးပြီးမှပဲ လုပ်သင့်ပါတယ်ဆိုတဲ့ ဒါတွေ တောင်းဆိုထားတာတွေရှိတယ်။ အရင်အစိုးရ လက်ထက်ကတည်းက တောင်းဆိုခဲ့တာ။ ငြိမ်းချမ်းရေးမရမချင်း ပြည်နယ်ထဲအကြီးစား သယံဇာတထုတ်လုပ်မှု တွေ သယံဇာတခွဲဝေမှုတွေ အရင်းအမြစ်တွေကနေ ထုတ်ယူသုံးစွဲမှုတွေဟာ ငြိမ်းချမ်းရေး ဆွေးနွေးပြီးမှသာလျှင် လုပ်ဆောင်သင့်ပါတယ်ဆိုပြီး တိုက်တွန်းတောင်းဆိုထားတာတွေ ရှိပါတယ်”ဟု ကိုမိုးကဆိုသည်။
 
ရှမ်းပြည်နယ်အတွင်း လက်ရှိလုပ်ကိုင်နေသော သတ္တုတူးဖော်ရေးလုပ်ငန်းများ အပါအ၀င် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းများကိုလည်း လူထုသဘောထား ဆန္ဒအပေါ် မူတည်ကာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောဆိုထားမှုများလည်း ရှိနေသည်။
 
အဆိုပါဒေသသည် ကိုးကန့် ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSA/SSPP တို့၏ နယ်မြေ အနီးတွင် တည်ရှိ ပြီး ရေကာတာများ တည်ဆောက်ရေးတွင် ဒေသတွင်း လုံခြုံရေးအတွက်ဟုဆိုကာ ၂၀၁၃ ခုနှစ်အတွင်းက SSA/SSPP တပ်များအား ထိုနေရာမှ ဖယ်ပေးရန် တပ်မတော်ဘက်မှ တောင်းဆိုကာ တိုက်ပွဲများလည်း ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၂၀၀၀ ခန့် နေရပ်စွန့်ခွာ၍ တန့်ယန်းမြို့နယ်အတွင်းသို့ ထွက်ပြေးခဲ့ရဖူးသည်။
 
ရှမ်ပြည်နယ်အတွင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများမှာ ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်းလုံမြို့နယ်၊ ဟိုလီကျေးရွာ အထက်ပိုင်းတွင် မဂ္ဂါဝပ် (၁,၄၀၀) ကွမ်းလုံရေကာတာ၊ လားရှိုးမြို့ အရှေ့ဘက် တန့်ယန်းမြို့နယ် တာဆန်းလျှံကျေးရွာ အနီးတွင် မဂ္ဂါဝပ် (၁,၀၀၀) နောင်ဖာ ရေကာတာ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အရှေ့ မိုင်းမောမြို့နယ် မန်းတောင်ရွာအနားရှိ မဂ္ဂါဝပ် (၂၀၀) ထုတ်လုပ်မည့် မန်တောင်ရေကာတာ၊ တောင်ကြီးမြို့ အရှေ့ဘက် မိုင်းပန်မြို့နယ်နှင့် မိုင်းတုံ မြို့နယ်အကြား မဂ္ဂါဝပ် (၇,၁၁၀) ထုတ်လုပ်မယ့် တာဆန်းခေါ် မိုင်းတုံရေကာတာ စီမံကိန်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။
 
ရေကာတာများအား အကောင်အထည် ဖော်ဆောင်ရာတွင် ပါဝင်နေသည့် ပြည်ပကုမ္ပဏီများမှာ Thailand’s EGAT International Co.Ltd, China Three Gorges Corporation, Hanergy Holding Company, Hydrochina Corporation, နှင့် China Datang Overseas Investment Co.Ltd များဖြစ်ပြီး ပြည်တွင်း ကုမ္မဏီများအဖြစ် International Group of Entrepreneurs Co. LTD, Shwe Taung, Asia World ကုမ္ပဏီ တို့ပါဝင်ကြောင်း သိရသည်။
 
ဇော်မင်းထွန်း
The Ladies News
 
 

 

Vote: 
No votes yet

Add new comment