လိမ္မော်ရောင်အဆင့်ရှိ မုန်တိုင်းငယ်ကြောင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့တွင် မိုးကြီး၊ မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားကမ်းခြေအနီးတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ရွေ့လျား ခဲ့ပြီး အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့၏ အရှေ့မြောက်ဘက် ၆၃ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂျက်ဆောမြို့၏ အရှေ့ တောင်ဘက် ၁၄ မိုင်ခန့်အကွာတွင် တည်ရှိနေသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားမည်ဟု ခန့်မှန်းရသည်။
 
မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေအနီးတွင် ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသေးသော်လည်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတို့မှာ မုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ရောက်ရှိနေသဖြင့် လက်ရှိအခြေအနေအား လိမ္မော် ရောင် အဆင့်ဟု သတ်မှတ်ထားသည်။
 
အဆိုပါမုန်တိုင်းငယ်သည် ယနေ့ ညနေ ၄ နာရီအချိန်တွင် မြောက်လတ္တီကျု ၂၃ ဒသမ သုည ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု ၈၉ ဒသမ ၄ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၆ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ နှုန်းခန့်ဖြစ်သည်။
 
မုန်တိုင်းငယ်၏အရှိန်ကြောင့် ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက် ပိုင်းတို့တွင် ဒေသအလိုက် မိုးကြီး နိုင်ပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျ ရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ် နိုင်သည်။
 
အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည် နယ်မြောက်ပိုင်းအတွင်း နေထိုင် ကြသူများ အနေဖြင့် လေပြင်းတိုက် ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု နိုင်ပါရန် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အကြံပြုထား သည်။
 
The Ladies News
 
 
 
 

 

Vote: 
No votes yet

Add new comment