ပြင်ဦးလွင် ကန်တော်ကြီး ဥယျာဉ်မှ ကော်ဖီစိုက်မြေများကို တပ်မတော် အရာရှိများအား စက်မှုဂရန် ချပေးခြင်းကို ကန့်ကွက်ထား

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ အမျိုးသား ကန်တော်ကြီးဥယျာဉ်မှ ကော်ဖီစိုက်ပျိုးမြေဧက ၂၇၀ ကျော်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာနက အငြိမ်းစား တပ်မတော် အရာရှိများကို စက်မှုဂရန် ချပေးလိုက်ခြင်းကြောင့် ဒေသခံများက ပြည်သူ့လွှတ်တော်နှင့် ဝန်ကြီးဌာနများသို့ စာပေးပို့ ကန့်ကွက် လိုက်ကြောင်း သိရသည်။  ကော်ဖီ စိုက်ပျိုးမြေ ၂၇၂.၁၅ ဧကကို ၁၉၉၅- ၁၉၉၆ ခုနှစ်တွင် နိုင်ငံတော်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ဝန်ကြီးဌာနကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ဆောင်ရွက်ခဲ့ခြင်း မရှိဘဲ စက်မှုဂရန်များ ထုတ်ပေးလိုက်သည့် အတွက် သဘာဝမြေအဖြစ် ပြန်လည်ထားရှိပေးရန် ဒေသခံအရပ်ဖက် အဖွဲ့အစည်း ၂၀ ကျော်က ဖေဖော်ဝါရီ ၃ ရက်က စာပေးပို့ ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။  “သစ်တောရဲ့ မြေတွေဖြစ်နေပေမဲ့ သဘာဝအတိုင်းပဲ ထားစေချင်တယ်။ ကျွန်တော်တို့ အခု ကန့်ကွက်စာ တင်တယ်။ အခြေအနေအရ ဆန္ဒပါထပ်ပြမယ်” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဖြစ်သည့် စိမ်းလန်း ပြင်ဦးလွှင်အဖွဲ့မှ ဥက္ကဋ္ဌ ဦးကိုကြီးက ပြောသည်။  ထို့အပြင် တပ်မတော်မှ အငြိမ်းစား အရာရှိများကို စက်မှုမြေဂရန် ချပေးလိုက်ခြင်းမှာ ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် အချိန်ကြာလာပါက ရေဝေ၊ ရေလွှဲစနစ် ပျက်စီးနိုင်ပြီး သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပျက်စီး လာနိုင်ကြောင်း ဦးကိုကြီးက ဆက်ပြောသည်။  အဆိုပါ အရပ်ဖက် အဖွဲ့အစည်းများက စက်မှုမြေဂရန် ချပေးလိုက်ခြင်းကို ဖေဖော်ဝါရီ ၂ ရက်ကလည်း ပြင်ဦးလွင် မြို့နယ် အုပ်ချုပ်ရေးမှူးထံ ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း သိရသည်။  “လက်ရှိမှာ ဝန်ကြီး ၃ ဦးပါတဲ့ စစ်ဆေးရေး အဖွဲ့တွေက စစ်ဆေးနေပါတယ်။ ဒီလိုစက်မှုမြေဂရန် ချပေးတာက ကျွန်တော့် အနေနဲ့ မလုပ်နိုင်ပါဘူး။ အထက်က ညွန်ကြားတဲ့အတိုင်း လုပ်ပေးခဲ့ရတာပါ”ဟု ပြင်ဦးလွင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်က ပြောသည်။  အမျိုးသားကန်တော်ကြီး ဥယျာဉ်မှ ကော်ဖီစိုက်ပျိုးမည့် မြေဧကများကို သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေရန် အတွက် စက်မှုမြေဂရန် ပြောင်းလဲလိုက်ခြင်းဖြစ်ကာ ဂရန်အသစ် ပြန်လည်ချပေးခဲ့ခြင်း မဟုတ်ကြောင်း ပြင်ဦးလွင်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ သတင်း - MMKThe Ladies News Journal   

 

Vote: 
No votes yet

Add new comment