တိုက်ပွဲများ ပြန်လည်ဖြစ်လာ နိုင်သည်ဟု DKBA (ခွဲထွက်)အဖွဲ့မှ ဒေသခံပြည်သူများအား အသိပေးထုတ်ပြန်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကောင်းမှုကျေးရွာနှင့် အနီးရွာများတွင် တိုက်ပွဲ ဆက်ဖြစ်နိုင်သည့် အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ရှောင်ရှားကြရန် DKBA (ခွဲထွက်)အဖွဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) မှ စာတစ်စောင် ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။  အဆိုကျေးရွာများ အနီးတွင် အစိုးရစစ်တပ်၏ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၅၄၇)၊ (၅၄၈) ၊ (၅၄၉) ၊ (၂၃၀) ၊ (၂၃၁) နှင့် နယ်ခြားစောင့်တပ် BGF တပ်ရင်း (၁၀၁၆ / ၁၀၁၇) တပ်ရင်းများ မှာ အင်အား ဖြည့်တင်း နေရာယူထားသဖြင့် ဒေသခံများ ထိခိုက်မှုမရှိစေရန် ဇန်နဝါရီ ၂၅ ရက်က စာထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။  “ထုတ်ပြန်ချက်က အစစ်အမှန် ဟုတ်ပါတယ်။ သူတို့ဘက်က ဆက်ပြီး တိုးမြှင့်လာရင် တိုက်ပွဲ ဖြစ်နိုင်တာပေါ့။ ဒါကြောင့် ဒေသခံတွေ မထိအောင် စာနဲ့ထုတ်ပြန်တာပါ” ဟု ဗိုလ်မှူးကြီး စောစန်းအောင်က ပြောသည်။ တပ်မတော် ခြေမြန်တပ်ရင်း (ခမရ)၅၄၈ ဗိုလ်မှူးဥာဏ်ဇော် ဦးစီးတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့် တပ်- ၁၀၁၇ မှ ဗိုလ်မှူး စောကျော်နော် ဦးစီးတပ်ဖွဲ့ဝင်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA မှ ခွဲမှူးအဆင့်ရှိ ဗိုလ်နားမကြား (ခ) ဗိုလ်ကျော်မို့ ဦးစီးတပ်ဖွဲ့တို့သည် ဇန်နဝါရီ ၂၃ ရက်က ကော့ကရိတ်မြို့နယ် ကောင်းမှုရွာအနီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။  အစိုးရတပ်မှ အင်အားဖြည့်တင်း နေရာယူထားခြင်းများ ရှိပြီး စစ်ရေးအရ ဆက်လက် တိုးမြှင့်လာပါက တိုက်ပွဲ ဆက်ဖြစ်နိုင်သည့် အတွက် ဒေသခံများ ထိခိုက်မှုမရှိစေရန် DKBA တပ်ဖွဲ့မှ စာထုတ်ကာ ရှောင်ရှားခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။  ကော့ကရိတ်မြို့နယ် ပျားပင်ကျေးရွာ၌ ဇန်န၀ါရိ ၂၅ ရက်က ရော်ဘာခြံ အမှိုက်များ မီးရှို့စဉ် ပျားပင်ကျေးရွာ မီးရှို့ခံနေရကြောင်း လူမှုကွန်ရက်နှင့် မြေပြင်တွင် ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ရာ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ယခုလို အခါမျိုးတွင် တစ်ဖက်နှင့် တစ်ဖက် သဘောထား တင်းမာစေသည့် သတင်းများ မပြုလုပ်ကြရန် ပျားပင်ကျေးရွာမှ ဦးအောင်တင်က ပြောသည်။ ပျားပင်ကျေးရွာသည် အိမ်ခြေ ၄၀ ခန့်သာရှိပြီး လူဦးရေ ၁၃၀ ကျော် နေထိုင်နေသည့် ရွာကလေးဖြစ်ကာ အစိုးရစစ်တပ်နှင့် BGF တို့ တိုးချဲ့ အင်အားယူထားသည်ဟု DKBA ကြေညာချက်တွင် ဖော်ပြထားသည့် ရွာများတွင် ပါဝင်သည်။  ဇန်နဝါရီ ၂၃ ရက် ပစ်ခတ်မှုဖြစ်ပွားခဲ့အပြီး ကော့ကရိတ် ဝန်းကျင်၌ ပြန်လည် တည်ငြိမ်လျှက် ရှိနေစဉ် ဇန်နဝါရီ ၂၆ ရက် နေ့လယ်ပိုင်းတွင် ကော့ကရိတ် မြို့နယ် အခြေစိုက် ခလရ ၉၇ တပ်ရင်းမှ လက်နက်ကြီး သုံးချက် ပစ်ခတ်ခဲ့ကြောင်း ကော့ကရိတ် မြို့ခံများထံမှ သိရသည်။  အစိုးရစစ်တပ်နှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် DKBA တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့သည် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)မှ သီးခြားခွဲထွက်လာသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA အဖြစ် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သတင်း - MMKThe Ladies News Journal 

 

Vote: 
No votes yet

Add new comment