လားရှိုးမြို့ မန်ဆူရှမ်းကျောင်းတွင် ခိုလှုံနေသည့် ဒုက္ခသည်တစ်ရာကျော် ဆေးကုသမှုခံယူနေရ

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မန်ဆူရှမ်းကျောင်းတိုက်တွင် ခိုလှုံနေရသည့်
စစ်ဘေးရှောင်ဒုက္ခသည် ၁၄၀ ဦးအနက် ၁၂၂ ဦးမှာ ဆေးကုသမှုခံယူနေရကြောင်း
လားရှိုးမြို့ ဒေသန္တရ ကျန်းမာရေးဌာနမှ သိရှိရသည်။

“၁၂ ရက်နေ့ကမှ စကုပေးတာပါ။ ရောက်တာကတော့ ၁၀ ရက်နေ့ညက
ရောက်ကြတာလို့ သိရပါတယ်။ အဖြစ်များတာကတော့ သွေးတိုးများပါတယ်။
ဝမ်းလျှောတာရယ် ၊ နှာစေးချောင်းဆိုးတာရယ် လောက်တော့ ဖြစ်ကြတယ်။
စိတ်နဲ့ဆိုင်တော့ သွေးတိုးတွေ ဖြစ်ကြတာပေါ့’’ ဟု လားရှိုးမြို့ ဒေသန္တရ
ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်မြရီက ပြောသည်။

တပ်မတော်နှင့် SSA (ဝမ်ဟိုင်း) လက်နက်ကိုင် တပ်ဖွဲ့တို့ မိုင်းရှူးမြို့နယ်တွင်
တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လားရှိုးမြို့သို့ တိမ်းရှောင်လာကြသည့်
စစ်ဘေးရှောင် ၁၄၀ သည် မန်ဆူရှမ်းကျောင်းတွင် ခိုလှုံနေကြခြင်းဖြစ်သည်။
မိုင်းရှူးမြို့နယ်ဘက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အဆိုပါ ဒေသအနီးရှိ
ဝမ်ဆော့ကျေးရွာနှင့် အခြားရွာများမှ ဒေသခံများအနေဖြင့် လားရှိုးမြို့နှင့်
မိုင်းရှူးမြို့များသို့ စစ်ရှောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။

“၀မ်ဆော့မှာနေပါတယ်။ နေ့တိုင်းပစ်ခတ်သံတွေပဲ ကြားနေရတော့
စိတ်မချမ်းသာတော့ဘူး ဖြစ်တယ်။ အရင်က အသံကဝေးတော့ သိပ်မသိသာဘူး။
အခုက အသံက အရမ်းနီးလာပြီ။ ရွာထဲကို ရောက်လာတော့ ကြောက်ပြီး
ထွက်ပြေးလာရတာပါ။ အသက်ကလည်းကြီး၊ စိတ်မချမ်းသာတော့
သွေးကတိုးလာတာပေါ့။ ကျန်တာကတော့ အဆင်ပြေပါတယ်’’ ဟု ဝမ်ဆော့ရွာမှ
စစ်ရှောင်လာသူ အသက်ခြောက်ဆယ် ၀န်းကျင်ရှိ ဒေါ်အေးနန်းရွှေက ပြောသည်။

မန်ဆူရှမ်းကျောင်းသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် ဒုက္ခသည်များတွင်
ကျန်းမာရေးချို့တဲ့သူ အများစုမှာ  အမျိုးသမီးများဖြစ်ကြပြီး လိုအပ်သည့်ဆေးဝါးနှင့်
ဆက်စပ်ပစ္စည်းများကို ဒေသန္တရ ကျန်းမာရေးအဖွဲ့၊ နယ်စည်းမခြား ဆရာဝန်များ
အဖွဲ့နှင့် မြို့နယ်ကျန်းမာရေး ဌာနတို့က လာရောက် ကုပေးနေကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal
 

Vote: 
No votes yet

Add new comment