Yangon Innovation Center တည်ဆောက်ရန် မကြာမီ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Seedstars ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်သွားမည်

Yangon Innovation Center တည်ဆောက်ရန် ပြည်ထောင်စု ဥပဒေချုပ်ရုံးကို စာချုပ်မူကြမ်းများ ပေးပို့ပြီးဖြစ်၍ မကြာမီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Seedstars ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက စက်တင်ဘာ ၂၈ ရက်တွင် ပြောသည်။
 
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံ၏ Yangon Innovation Centerသည် မည်သည့်ကာလတွင် တည်ဆောက်ပြီး လူငယ်လူရွယ်များအား ပညာအရည်အချင်း မည်မျှသတ်မှတ်၍ သင်တန်းများပေးကာ မည်ကဲ့သို့ အကောင် အထည်ဖော် ဆောင်ရွက်သည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့မှုအား ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
 
“ကျွန်မတို့နိုင်ငံမှာ လိုအပ်လျှက်ရှိတဲ့ ဒီိလို Yangon Innovation Center တစ်ခုဆောင်ရွက်ဖို့အတွက် ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ဆောင်ဖို့အတွက် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ တော်တဲ့အရာတွေကို ဖန်တီးခွင့်ပြုဖို့အတွက် အခြေအနေတစ်ခုကို ဖန်တီးပေးဖို့ အစိုးရတစ်ရပ်က လိုအပ်လာပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့အစိုးရက Innovation Centerကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲတည်းက အကောင်အထည် ဖော်ဖို့အတွက် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ စတင်ဆောင်ရွက်ခဲ့တဲ့ နေရာမှာ ဇန်နဝါရီလ (၅)ရက်နေ့၊ ၂၀၁၈ ခုနှစ်မှာ တရားဝင် တင်ဒါခေါ်ခဲ့ပါတယ်။ ပြည်တွင်း၊ ပြည်ပကုမ္ပဏီ(၆)ခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီးတော့ ကုမ္ပဏီ(၆)ခုထဲမှာမှ ဆွစ်ဇလန်အခြေစိုက် Seedstars ကုမ္ပဏီကို ရွေးချယ်ခဲ့ပါတယ်။ ဒီ Seedstars ကုမ္ပဏီဟာ ဆိုရင် နိုင်ငံပေါင်း (၈၅)နိုင်ငံမှာ ဒီInnovation နဲ့ ပတ်သက်တဲ့ လုပ်ငန်းအတွေ့အကြုံ ရှိထားပြီးသား အဖွဲ့အစည်းဖြစ်ပါတယ်။ ပြည်ထောင်စု ဥပဒေချုပ်ရုံး ကိုလည်း စာချုပ်မူကြမ်းတွေကို ပေးပို့ပြီးဖြစ်ပြီးတော့ များမကြာခင်မှာ Seedstars ကုမ္ပဏီနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ စာချုပ်ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။” ဟု ဝန်ကြီးက ပြောသည်။
 
Yangon Innovation Center လုပ်ငန်းများကို ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Seedstars ကုမ္ပဏီတို့ကြား သဘောတူညီမှု (မူကြမ်း)ကို ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးသို့ ဥပဒေအကြံပြုချက် ရယူပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် လူငယ်ကဏ္ဍ မြှင့်တင်ခြင်းအတွက် ဆန်းသစ်တီထွင်ခြင်း အလေ့အကျင့်နှင့် စွန့်ဦးတီထွင် လုပ်ငန်းများ ဖွံ့ဖြိုးစေရန် အထောက်အကူပြုသော ဂေဟစနစ်ကို ဖော်ဆောင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုပ်ငန်းတာဝန်များနှင့် လုပ်ကိုင်ခွင့်ပေးအပ်ပြီး ဖွဲ့စည်း တည်ထောင်ထားသော ဗဟိုဌာန တစ်ခုဖြစ်သည်။
 
ထို့အပြင် ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များမှာ ပြည်တွင်းမှ လူငယ်၊ ကျောင်းသူ ကျောင်းသားများ ပူးပေါင်းပါဝင်နိုင်သော အစီအစဉ်များကို ဦးစားပေးရန်၊ ဆန်းသစ်တီထွင်ခြင်း အလေ့အကျင့်ကို အားပေးမြှင့် တင်ခြင်း၊ တတ်သိပညာများ ပို့ချခြင်း၊ လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် ပံ့ပိုးခြင်းနှင့် စွန့်ဦးတီထွင် လုပ်ငန်းများကို လူငယ်များ စိတ်ပါဝင်စားစေမည့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန်၊ လူငယ်အဖွဲ့များ၊ တက္ကသိုလ်များ၊ စီးပွားရေးလုပ်ငန်းများ၊ တတ်သိ ပညာရှင်များနှင့် လူမှုအဖွဲ့အစည်းများ အကြား ချိတ်ဆက်၍ ဆန်းသစ်တီထွင်ခြင်း အလေ့အကျင့်နှင့် စွန့်ဦးတီထွင် လုပ်ငန်းများ အထောက်အကူပြု လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန်၊ ပြည်တွင်းပြည်ပမှ ဆန်းသစ်တီထွင် ကဏ္ဍနှင့် သက်ဆိုင်သော အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ရန်၊ ရန်ကုန် တိုင်းဒေသကြီး၏ တမူထူးသော ကိုယ်ပိုင်လက္ခဏာ ကိုယ်စားပြု ဆန်းသစ်တီထွင် ကဏ္ဍတစ်ခုကို ထည့်သွင်းစီစဉ်ရန်နှင့် ဆန်းသစ် တီိထွင်ခြင်း အလေ့အကျင့်နှင့် စွန့်ဦးတီထွင်ခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများချမှတ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား အကြံပြုတင်ပြရန်တို့ ဖြစ်ကြောင်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment