ကျွန်တော်တို့ရဲ့ ကချင်နှစ်ခြင်းဘုရာကျောင်းကို ပိတ်တာတို့၊ လက်ဝါးကပ်တိုင်တွေ ဖြိုဖျက်တာတို့ရှိလာတယ် . // အင်တာဗျူး //

မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် `၀`အဖွဲ့ (UWSA) သည် ၄င်းတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ခရစ်ယာန် ဘာဘာရေး အဆောက်အအုံးများကို ဖျက်သိမ်းခြင်းနှင့် သာသနာ့ ၀န်ထမ်းများအား ဖမ်းဆီးစစ်ဆေး မေးမြန်းမှုများကို ပြုလုပ်နေသည်။
.
ဘာကြောင့် ယင်းသို့ လုပ်ဆောင်ရသလဲဆိုသည်ကို The Ladies News က မေးမြန်းရန်အတွက် `၀` အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းထံသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်၍ မရခဲ့ပေ။
.
`၀`အဖွဲ့ (UWSA) ၏ လုပ်ရပ်သည် ခရစ်ယာန်ဘာသာကို ဖိနှိပ်သည့် လုပ်ရပ်ဖြစ်သည်ဟု ခရစ်ယာန်ဘာသာကို ကိုးကွယ်သည့် တိုင်းရင်းသား များ ကြားတွင် ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိနေ သည်။
.
`၀` ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိရာ ရှမ်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည့် ကချင်ပြည်နယ်ရှိ ကချင်တိုင်းရင်းသားများသည်လည်း `၀`ဒေသ၌ နေထိုင်လျက်ရှိရာ ကချင်ရွာ ၆ ရွာ`၀` ဒေသတွင်ရှိသည်ဟု သိရပြီး အဆိုပါ ကျေးရွာများတွင် ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း များနှင့် သာသနာ့ဝန်ထမ်းများလည်း ရှိကြသည်။ သည့်အတွက်ကြောင့် The Ladies News မှ `၀`ဒေသတွင် ဖြစ်ပျက်နေ သည့် အခြေအနေများနှင့် စပ်လျဉ်းပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ သိက္ခာတော်ရဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန်အား ဆက်သွယ် မေးမြန်းထားပါသည်။
.
( မေးမြန်းသူ - အောင်ရဲနောင် )
.
မေး - `၀`ဒေသမှာ ခရစ်ယာန် ဘုရားကျောင်းတွေကို ဖျက်သိမ်းတာတို့ ဘာသာရေးဆရာတွေကို ခေါ်ယူစစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရတယ်ခင်ဗျ။ ဒီအပေါ်မှာ ဆရာကြီးတို့ KBC အနေနဲ့ ဘာများ မှတ်ချက်ပေး ပြောကြားလိုလည်း ခင်ဗျ။
.
ဖြေ - ကျွန်တော်တို့ KBC အသင်းတော်တွေ ရှိတယ်လေ အဲဒီမှာ။ မနေ့ညအထိတော့ ကျွန်တော်တို့နဲ့ ဘာမှ ပြဿနာဖြစ်တာ မဟုတ်ဘူးဆိုတော၊့ ကျွန်တော်တို့ကလည်း ဘာမှပြဿနာမရှိဘူးဆိုပြီး မီဒီယာတချို့ကို ပြောလိုက်တယ်။ ဒါပေမယ့် ဒီနေ့မှာ နည်းနည်း ထူးခြားမှုတွေ ပေါ်လာတယ်။ ထူးခြားမှုတွေ ပေါ်လာတယ်ဆိုတာက ကျွန်တော်တို့ရဲ့ ကချင်နှစ်ခြင်းဘုရားကျောင်းကိုလည်း ပိတ်တာတို့၊ လက်ဝါကပ်တိုင်တွေ ဖြိုဖျက်တာတို့ ရှိလာတယ်။ ကျွန်တော်တို့နဲ့ စဖြစ်တဲ့ ပြဿနာမဟုတ်ဘူး ဒါက။ တခြား ခရစ်ယာန်အစွန်းရောက် အဖွဲ့တွေပေါ။့ ယဉ်းကျေးမှု ထုံးတမ်းဓလေ့တွေကို တန်ဖိုးမထားတဲ့ ခရစ်ယာန်အဖွဲ့တွေရဲ့ လှုပ်ရှားမှုကြောင့် စတင်ခဲ့တဲ့ ပြဿနာပဲပေါ့။ ကျွန်တော်တို့ကတော့ အဲဒီမှာ နှစ် ၃၀ လောက်ရှိပြီ။ နှစ်ခြင်း ခရစ်ယာန် က `၀`ဒေသမှာရှိတဲ့ ကချင်လူမျိုးတွေနဲ့ `၀`တွေ၊ လားဟူးတွေနဲ့ သင့်သင့်မြတ်မြတ် ညီအစ်ကို မောင်နှမအရင်းလိုနေခဲ့တာ ဘာမှ ပြဿနာမရှိခဲ့ဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ အစွန်းရောက် ခရစ်ယာန် တွေရဲ့ တခြားဘာသာကို မထီမဲ့မြင် တန်းဖိုးမထားမှု တွေကြောင့် ဖြစ်လာတယ်ဆိုတော့ ကျွန်တော်တို့ဘက်ကို ဒီကိစ္စက ကူးလာတော့ ကျွန်တော်တို့လည်း စိတ်မကောင်းဘူး။ ကျွန်တော်တို့က `ဝ`ဒေသမှာ ရှိတဲ့ ကျွန်တော်တို့ ကချင်တွေနဲ့ တိုင်ပင်ပြီးမှ ကျွန်တော်တို့ရဲ့ ပြဿနာမဟုတ်ဘူး။ ကျွန်တော်တို့က သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဘာသာတရားကိုလည်း တန်းဖိုးထားတဲ့ အဖွဲ့ဖြစ်တယ်ဆိုတဲ့အကြောင်း အဲဒါတွေကို ပြောပြီးမှ ကျွန်တော်တို့ ပြန်လည်ပြေငြိမ်းအောင်၊ ပြန်လည် သင့်မြတ်အောင် ကျွန်တော်တို့ လုပ်ဖို့အစီအစဉ်ရှိပါတယ်။
.
မေး - ဆရာကြီးတို့ KBC က `၀` ဒေသမှာ ဘုရားကျောင်း ဘယ်နှကျောင်းများ ရှိပါသလဲ။
.
ဖြေ - ကချင်ရွာက ၆ ရွာရှိတယ်။ ကျွန်တော်တို့ရဲ့ ဘုရားကျောင်းကလည်း ၆ ခုရှိတာပေါ့။ အဲဒီ ၆ ခုမှ အခုက ပိတ်ခံရတာတွေ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့က မစိုးရိမ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ရှင်းပြလို့ရှိရင် သူတို့နားလည်ပြီး ကျွန်တော်တို့ကို ခွင့်ပြုမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။
.
မေး - အဲဒီ ဘုရားကျောင်း ခြောက်ကျောင်းမှာ ဘယ်နှကျောင်းများ အပိတ်ခံရလည်းခင်ဗျ။
.
ဖြေ - ကျွန်တော်ထင်တယ် အခုတော့ `၀`ဒေသအားလုံးမှာ ပြန့်နှံ့သွားပြီ လို့ပြောတယ်။ တော်တော် များမယ်ထင်တယ်။ အရေအတွက် အတိအကျ ကျွန်တော်မသိပေမယ့်လည်း `၀` ဒေသတစ်ခုလုံးဆိုတော့ နည်းနည်းများပြီလို့ ထင်တယ်။
.
မေး - ဘာသာရေးဆရာတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ရှိတယ်လို့လည်း ကျွန်တော်တို့ ကြားထာတော့၊ ဆရာကြီးတို့ KBC က ဘာသာရေးဆရာတွေကိုရော ဖမ်းဆီးတာတွေ ခေါ်ယူစစ်ဆေးတာ တွေကော ရှိလားခင်ဗျ။
.
ဖြေ - ခေါ်ယူစစ်ဆေးတာတော့ ရှိတယ်။ ဒါပေမယ့် ဖမ်းဆီးချုပ်နှောင် တာတော့ မရှိဘူး။ သူတို့က ဘာသာရေးဆရာ အားလုံးကိုတော့ စစ်ဆေးတာရှိတယ်။ နိုင်ငံခြား အကူအညီနဲ့ လုပ်တဲ့ သာသနာတွေလား၊ လှုပ်ရှားမှုတွေလား ဆိုတာ စစ်ဆေးတာပေါ့။ တချို့က နိုင်ငံခြား အကူအညီနဲ့ လှုပ်ရှားနေတာတွေရှိတယ်။ ကျွန်တော်တို့ ကချင်နှစ်ခြင်းက ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး အသင်းသူအသင်းသားတွေထည့်တဲ့ အလှူငွေနဲ့ လှုပ်ရှားတယ်ဆိုတော့ ကျွန်တော်တို့က အဲဒီနေမှာ ပြဿနာမရှိဘူး။
.
မေး - အခု `၀` ဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိက္ခတွေနဲ့ ပတ်သက်ပြီးတော့ ဒေသတွင်းမှာရှိတဲ့ `၀` ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ အစီအစဉ်ကောရှိလားခင်ဗျ။
.
ဖြေ - ခရစ်ယာန်ဘာသာ အဲဒီနေရာမှာရှိတယ်ဆိုတာ သူတို့သိပြီးသား ဖြစ်ပါတယ်။ အရင်တုန်းက ကျွန်တော်တို့လို တခြားဘာသာတွေကို လေးစား တန်ဖိုးထားပြီး သာသနာပြုပြီး ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နေသွားမယ် ဆိုရင်တော့ သူတို့အနေနဲ့လည်း အာဏာသုံးပြီးမှ လုပ်ဖို့ အကြောင်းမရှိဘူး။ အခုက တခြားခရစ်ယာန်တွေက သူတို့ရဲ့ တန်းဖိုးထားတဲ့ နတ်ဘာသာတွေ၊ ဗုဒ္ဓဘာသာ စသဖြင့်ပေါ့၊ အဲဒါတွေကို တန်ဖိုးမထားဘဲ စော်ကားတဲ့ အရာတွေ ဖြစ်လာတော့ သူတို့ကလည်း ဒီလိုလုပ်လာရတယ်ဆိုတာ ကျွန်တော်တို့ နားလည်တာပေါ့။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကတော့ `၀` ဒေသမှာရှိတဲ့ ခေါင်းဆောင် တွေကို ပြောချင်တာကတော့ ကျွန်တော်တို့ သာသနာပြုတယ် ဆိုတာ တစ်ပါးသူကို အတင်းအဓမ္မ စွဲဆောင်တာမျိုးတို့ သူတစ်ပါးရဲ့ ဘာသာတွေ ထုံးတမ်းဓလေ့တွေကို နှိမ်တာတို့၊ တန်ဖိုးမရှိအောင် လုပ်တာတို့ မရှိတဲ့ အဖွဲ့တွေကို လက်ခံပြီးမှ ရေရှည်လက်တွဲသွားမယ် ဆိုရင်တော့ ဒေသမှာ အကျိုးအများကြီး ဖြစ်ထွန်းနိုင်တယ်ဆိုတာကို ပြောချင်ပါတယ်။
.
မေး - `၀` ဒေသမှာ ကချင်ရွာ ၆ ရွာရှိတယ်။ နောက်ပြီးတော့ KBC အသင်းတော်ရဲ့ ဘုရားကျောင်း ၆ ခုလည်း ရှိတဲ့အခါကျတော့။ ဘုရာကျောင်းမှာရှိတဲ့ ဘာသာရေးဆရာတွေရဲ့ လုံခြုံရေးအတွက်ကို `၀` နဲ့ ဆရာကြီးတို့အနေနဲ့ ဘယ်လိုမျိုး စေ့စပ်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ရှိမလဲခင်ဗျ။
.
ဖြေ - ကျွန်တော်တို့ လူတွေက ကောင်းကောင်းမွန်မွန်ပဲနေပြီး ပေါင်းသင်းဆက်ဆံ လာခဲ့တယ်ဆိုတော့ သူတို့အတွက် ကျွန်တော်တို့ ပြောဖို့လည်း အဆင်သင့်ရှိပါတယ်။ သူတို့ကို အခု စစ်ဆေးတာပြီးမှ ပြန်လွှတ်တာတွေ ရှိတယ်ဆိုတော့ ကျွန်တော်တို့က သိပ်စိုးရိမ်တာတွေ မရှိပါဘူး။ ဒါပေမယ့် ဒီထက်ပိုပြီးမှ သူတို့ပြုလုပ်လာမယ် ဆိုရင်တော့ ညှိနှိုင်းပြီးမှ ပြေလည်အောင် လုပ်ဖို့ရှိပါတယ်`။
.
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။
.
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment