ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ခရိုင်ဥက္ကဋ္ဌ အတွက် ဥပဒေအညီ ပြန်ခြေပမည်ဟု ပြည်ခိုင်ဖြိုးပါတီပြော

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီး ဒေါက်တာမြင့်နိုင်တို့အား ပုပ်ခတ်ပြောဆိုခဲ့ သည့်အတွက် ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှူးမှ တရားလိုပြုလုပ်ကာ နိုင်ငံတော် အထိတ်တလန့် ဖြစ်စေမှုနှင့် လူမျိုးရေးခွဲခြားဟောပြောမှု တို့ကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခြင်း ခံထားရသည့် ပြည်ခိုင်ဖြိုး ပါတီမှ ရွှေဘိုခရိုင်ဥက္ကဋ္ဌ ဦးစိုးအေး၏ အမှုအတွက် ဥပဒေနှင့်အညီ ပြန်လည်ခြေပမည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက The Ladies News သို့ပြောကြားသည်။
 
`ကျွန်တော်တို့ကတော့ ဥပဒေနဲ့အညီ ပြန်လည်ခြေပမယ်ပေါ့။ ထုခြေမယ် ပေါ့။ သူတို့ စွပ်စွဲချက်တွေက တကယ်ပြောခဲ့တယ် ဆိုရင်တောင်မှ သတင်း မီဒီယာတွေမှာ ဖေါ်ပြချက်တွေ ရှိထားပြီးသား။ နောက်တစ်ခုက လည်းပဲ အထိတ်တလန့်ဖြစ်စေမှုကို သူရည်ရွယ်ချက် မရှိဘူးပေါ့နော်။ ဒီလို အချက်တွေပေါ်မှာ အခြေခံပြီးတော့ ကျွန်တော်တို့ ထုခြေသွားမယ်` ဟု ဦးသိန်းထွန်းဦးက ပြောကြားသည်
 
ပြည်ခိုင်ဖြိုးပါတီမှ ရွှေဘိုခရိုင်ဥက္ကဋ္ဌ ဦးစိုးအေးဦးဆောင်သော အဖွဲ့သည် ရွှေဘိုမြို့နယ် ပလိုင်ကျေးရွာရှိ အိမ်ဝိုင်းတစ်ခုတွင် တောင်သူများနှင့်တွ့ဆုံ ပွဲ တစ်ခုပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် ဦးစိုးအေးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဘင်္ဂါလီ ၄၀၀ ခန့်ကို ရန်ကုန်မြို့တွင် ခေါ်ယူကာ နေထိုင်ခွင့်ပေးထားကြောင်း၊ နေအိမ်များ၊ ကွန်ကရစ်လမ်းများ၊ ရေမီးအစုံ ဆောက်လုပ်ပေးထားကြောင်းနှင့် စစ်ကိုင်တိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်ကလည်း နေအိမ်အလုံး ၈၀ ဆောက်လုပ်ပေးခဲ့ကြောင်း စသည်တို့ကို ပြောဆိုခဲ့သည်ဟု မြို့နယ်စီမံခန့်ခွဲမှု ကော်မတီက မြို့နယ် ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
 
ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူကမူ `သူလုပ်ခဲ့တယ်ဆိုတဲ့ ဒီအစည်းအဝေး၊ အင်တာနက်မှာလည်းမတင်ဘူး၊ ဘယ်ဖေ့စ်ဘွတ်မှ လည်း မတင်ဘဲနဲ့ သူတို့ ဘယ်လိုလုပ်သိသလဲ။ သူတို့ နောက်ယောင်ခံလိုက်လို့သာ သိတာပေါ့နော်၊ အဲလို နောက်ယောင်ခံ မှုက ဘယ်သူရဲ့ ခွင့်ပြုချက်နဲ့ သူတို့လုပ်ခဲ့သလဲ။ ဒါဆိုလို့ရှိရင် နောက်ယောင်ခံ ဥပဒေနဲ့ရော ကျွန်တော်တို့ဆွဲလို့မရဘူးလား ဆိုတာဟာမျိုး၊ ဒါမျိုးလည်းပဲ ကျွန်တော်တို့မှာရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီအနေအထားတွေပေါ်မှာ ကျွန်တော်တို့က တစ်ဖက်နဲ့ တစ်ဖက် တင်းတင်းမာမာ ပြင်းပြင်းထန်ထန် မဖြစ်စေချင်တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ နောက် UEC အပါအ၀င် ဒီကိစ္စကို သုံးသပ်ပြီးတော့ ပြန်လည် စဉ်းစားဆောင်ရွက်စေချင် ပါတယ်လို့ ဒီလိုပဲ ပြောချင်ပါတယ်`ဟု ဦးသိန်းထွန်းဦး ကပြောကြားသည်။
 
ပုဒ်မ ၅၀၅ (ခ) သည် ကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၂ နှစ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေတွင် ဖေါ်ပြထားသည်။
 
အောင်ရဲနောင်
The Ladies News

 

Vote: 
No votes yet

Add new comment