စည်ပင်သာယာ ဝန်ထမ်းလိုင်းခန်းများကို လာမည့်ဘဏ္ဍာနှစ်တွင် ၃ ထပ် Steel structure အဆောက်အဦများ ဆောက်လုပ်ပေးသွားမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စည်ပင်သာယာရေးကော်မတီမှ ပုတ်ပြတ်လုပ်သားများ နေထိုင်ရန် ဝန်ထမ်းလိုင်းခန်းများအား လာမည့် ဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တောင်ဥက္ကလာပမြို့ နယ်၌ ၃ ထပ် Steel structure အဆောက်အဦး ၄ လုံးကို တည်ဆောက်ပေးသွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။
 
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တာမွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ရန်ကုန်တိုင်းအတွင်းရှိ စည်ပင်သာယာ၊ ပန်းဥယျာဉ်ဌာနမှ လုပ်သားများ အတွက် နေထိုင်ရန် ဆောက်ပေးထားသော ဝန်ထမ်းလိုင်းခန်းများသည် ကျဉ်းမြောင်းပြီး ပျက်ဆီးနေသဖြင့် ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုအားပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။
 
``ရန်ကုန်စည်ပင်လုပ်သားတွေက အဓိကပန်းဥယျာဉ်မှမဟုတ်ဘူး။ လမ်းတံတားဌာန၊ ပန်းဥယျာဉ်ဌာနရယ်၊ ပတ်ဝန်းကျင် သန့်ရှင်းရေးဌာန ရယ်ဟာ နေရာတကျ တစ်စုတစ်ဝေးတည်း ထားမှရတယ်။ ဒီစည်ပင် လုပ်သားတွေကို နိုင်ငံတော်က ပေးထားတဲ့ အခြေခံလစာ ၄၈၀၀ အပြင် ထောက်ပံ့ကြေးလည်း ပေးထားပါတယ်။ အဝတ်အစား စရိတ်ကအစ ပေးထားပါတယ်။ အဆင့်မြှင့်တင် တည်ဆောက်မှု အနေနဲ့ လာမယ့် ဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာလည်း တောင်ဥက္ကလာပမြို့နယ် သုံးထပ် Steel structure အဆောက်အဦ ၄ လုံးကိုလည်း တည်ဆောက်ပေးဖို့ အစီအစဉ်ရှိပါတယ်။´´ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
 
အဆိုပါ တည်ဆောက်မည့် ဝန်ထမ်းအိမ်ရာ အခန်းအကျယ်အဝန်းမှာ မိသားစုတစ်ပိုင်တစ်နိုင် နေထိုင်စားသောက်ရန်အတွက် ၁၂×၂၀ ပေ ရှိနိုင်ပြီး အခန်းပေါင်း ၆၆ ခန်းခန့် ရနိုင်ကြောင်း သိရသည်။
 
`` နောက်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်ပြီး ဝန်ထမ်းတွေ စားဝတ်နေရေးအတွက် ထမင်းချက်ဆောင် လုပ်ပေးပါတယ်။ ဝန်ထမ်း မိသားစုတွေ သောက်သုံးရေအတွက် အဝီစိတွင်းနဲ့ ရေသွယ်မှု လုပ်ခဲ့ပါတယ်။ လျှပ်စစ်မီတာရဖို့ကိုလည်း မီတာပေါက် လျှပ်စစ်မီတာ အသစ် ၈ လုံးကို တပ်ဆင်ပြီးတော့ ၂၀၀ KVA ထရန်စဖော်မာ တစ်လုံးကိုလည်း တပ်ဆင်ပေးပြီးပါပြီ။ ´´ဟု မြို့တော်ဝန်က ပြောကြားသည်။
 
ပန်းဥယျာဉ်နှင့် အားကစားလုပ်သားများဌာနတွင် တစ်ဌာနတည်းတွင် ပုတ်ပြတ်လုပ်သားပေါင်း ၁၅၅၇ ဦးရှိပြီး အိမ်ရာဝန်းအနေဖြင့် တောင်ဥက္ကလာမှာ အဆောက်အဦး ၂၅ လုံး၊ မြောက်ဥက္ကလာတွင် ၂ လုံး၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ၁ လုံး၊ ကမာရွတ်မြို့နယ်တွင် ၁၅ လုံး၊ ဒဂုံမြို့နယ်တွင်၂ လုံး၊ မင်္ဂလာဒုံမြို့နယ်တွင် ၆ လုံး၊ သာကေတမြို့နယ်တွင် ၃၁ လုံး စုစုပေါင်း ၈၁ လုံး ရှိပြီး ယင်းအဆောက်အဦများကို နှစ်တိုင်းပြုပြင်ထိန်းသိမ်း စောင့်ရှောက်လျှက်ရှိကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆက်လက်ပြောကြားခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment