NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်ခြောက်ဖွဲ့ ကုမ္ပဏီထောင်မည်

ပထမအသုတ် NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့အနက်မှ ၆ ဖွဲ့ ပူးပေါင်းကာ စီးပွားရေး ကုမ္ပဏီ ထူထောင်မည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဒုဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက The Ladies News သို့ ပြောကြားသည်။
 
ကုမ္ပဏီထောင်မည့် တိုင်းရင်းသား လက်နက်ကိုင်များမှာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က NCA တွင် လက်မှတ်ရေးထိုးခဲ့သည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ဖြစ်ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ကမူ ကုမ္ပဏီထောင်မည့် အထဲတွင် ပါဝင်ခြင်းမရှိပေ။
 
`ပြည်ထောင်စုအဆင့်တို့ ပြည်နယ်အဆင့်တို့ NCA တို့ လက်မှတ်ရေးထိုးကတည်းက စီးပွားရေလုပ်ငန်းတွေ ဆောင်ရွက်ကြဖို့ဆိုတာ နဂိုကတည်းက စာချုပ်တွေမှာ ပါထားပြီးသား သဘောတူထားတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီလိုစီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့ဆိုရင်တော့ ဒီခေတ်ရဲ့ ပုံစံအရ အရင်းအနှီး နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ကုမ္ပဏီထောင်ပြီးမှ လုပ်ကြတဲ့ပုံစံ ဖြစ်တဲ့အတွက် ကုမ္ပဏီထောင်ပြီးလုပ်ကြဖို့ ဖြစ်ပါတယ်` ဟု ဦးခွန်မြင့်ထွန်းက ပြောကြားသည်။
 
အစိုးရဘက်မှလည်း ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက ကူညီဆောင်ရွက် ပေးမည်ဆိုသည့်အကြောင်းကို မူဘောင်ထဲတွင် ပြောဆိုထားခြင်းများ ရှိသည်ဟု လည်း ဆိုသည်။
 
`ဒါကတော့ အရင်အစိုးရ လက်ထက်ကတည်းကပေါ့၊ အခုအစိုးရ ကလည်း သူတိုတို့ ဆက်လက်ဆောင်ရွက် ပေးမယ်ပေါ့။ ဟိုးအရင် ငြိမ်းချမ်းရေးကာလ စီးပွားရေးလုပ်ငန်းတွေ ပုံစံမျိုးတွေနဲ့ကတော့ တူမှာမဟုတ်ပါဘူး` ဟု ဦးခွန်မြင့်ထွန်းက ပြောကြားသည်။
 
ကုမ္ပဏီထောင်မည့် ရက်၊ လ အတိအကျကိုမူ ဆက်လက်ညှိနှိုင်း နေဆဲဖြစ်ပြီး လက်ရှိအချိန်တွင်လည်း စီးပွားရေး လုပ်ပိုင်ခွင့်များနှင့် ပတ်သက်ပြီး အစိုးရနှင့် ဆွေးနွေးထားခြင်းမျိုးလည်း မရှိသေးကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
 
အလားတူပင် NCA တွင် ဒုတိယအသုတ် လက်မှတ်ရေးထိုးခဲ့သည့် မွန်ပြည်သစ်ပါတီ (NMSP) မှ လည်း ၄င်းတို့ ရေရှည်ရပ်တည်အတွက် အစိုးရထံမှ စီးပွားရေးလုပ်ပိုင်ခွင့်အချို့ တောင်ခံထားသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment