ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ခု စစ်ရေးတင်မာမှု ဖြစ်ပွားနေခြင်းကို ရှမ်းနိုင်ငံရေးပါတီများ ကန့်ကွက်

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရှမ်းလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့သည် နမ္မတူမြို့နယ်အတွင်း၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ရေးတင်မာမှုများ ဖြစ်ပေါ်နေခြင်းကို ရှမ်းနိုင်ငံရေးပါတီများက ကန့်ကွက်ကြောင်း ပြောကြားလိုက်သည်။
 
`တိုက်ပွဲဖြစ်တာကို လုံးဝဆန့်ကျင်တယ်။ မြန်မာ့တပ်မတော်နဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်တာပဲဖြစ်ဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်ချင်းဖြစ်တာပဲဖြစ်ဖြစ်၊ ကိုယ့်လူမျိုးတူ အချင်းချင်း တိုက်ပွဲဖြစ်တာပဲဖြစ်ဖြစ် အဲဒါကို အားလုံးကျွန်တော်တို့ လက်မခံပါဘူး` ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်သူ ဦးစိုင်းလိတ်က The Ladies News သို့ပြောကြားသည်။
 
SSPP နှင့် RCSS တို့ကြားတွင် ဖြေရှင်းရခက်သည့် ကိစ္စများကြောင့်ဖြစ်စေ၊ နာလည်းမှု လွဲမှားမှုများကြောင့် ဖြစ်စေ တိုက်ပွဲဖြစ်လာပြီဆိုပါက ထိပ်ပိုင်းက တာဝန်ရှိပုဂ္ဂိုလ်အချင်းချင်း သိုသိုသိပ်သိပ်ဖြင့် ပွင်ပွင့်လင်းလင်း ဆွေးနွေးကြရန် လိုအပ်သည် ဟု ၄င်းက ထောက်ပြပြောဆိုသည်။
 
`နောက် အောက်လက်ငယ်သားတွေ အွန်လိုင်းမီဒီယာပေါ်မှာ၊ လူထုမီဒီယာပေါ်မှာ တက်ပြီးတော့မှ ပုတ်ခတ် ဆဲဆိုရေးသား နေတာတွေကို နှစ်ဖက်စလုံးက အမိန့်ထုတ်ပြီးတော့မှ ဒါတွေရပ်တန့်ဖို့ လိုအပ်ပါတယ်။ သို့မဟုတ်ရင် ပြဿနာက သေးသေးလေးကနေစပြီ အမှိုက်ကစ ပြသာဒ်မီးလောင်တဲ့ ပုံစံမျိုးဖြစ်သွားနိုင်ပါတယ်` ဟု ဦးစိုင်းလိတ်က ပြောကြားသည်။
 
RCSS နှင့် SSPP တို့သည် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ(CSSU) အဖွဲ့ဝင်များဖြစ်ပြီး၊ CSSU အား ရှမ်းနိုင်ငံရေး ပါတီများ၊ ရှမ်လက်နက်ကိုင်အဖွဲ့များနှင့် ရှမ်းအရပ်ဖက် အခြေပြုလူမှုအဖွဲ့များဖြင့် ဖွဲ့စည်ထားသည်။ လက်ရှိ CSSU သဘာပတိမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင် ဖြစ်ပြီး တိုက်ပွဲများ ရပ်တန့်အတွက် ပြည်သူလူထုကိုယ်စား နှစ်ဖက်စလုံးကို နှစ်ဖက်စလုံးကို မေတ္တာရပ်ခံထားဟု ၄င်းက The Ladies News သို့ပြောကြားသည်။
 
`သူတို့ဖြစ်တာက နမ္မတူမြို့နယ်နဲ့ သီပေါ ကြားလေ။ အဲဒီနမ္မတူက မန့်ဆန်ဆိုတဲ့ရွာကို ကျွန်တော်တို့သွားပြီးတော့ စစ်ဘေးဒုက္ခသည်တွေကို သွားပြီးတော့ ပစ္စည်တွေ ဆန်၊ ဆီ၊ ဆားတွေ သွားလှူသေးတယ်။ လူတွေ တော်တော် ဒုက္ခရောက်တယ်၊ အဘွားကြီးတွေရော၊ မိန်းကလေးတွေရော၊ ခလေးတွေရော။ ဒီအချိန်က စိုက်ရေးပျိုးရေး လုပ်ရတဲ့ရာသီလေ။ ပစ်ကြခတ်ကြ သေတော့ ဘယ်သူသေလည်း ရှမ်းပဲသေတာပဲလေ။ မဖြစ်သင့်ဘူးလေ။ ကျွန်တာ် မေတ္တာရပ်ခံထားတယ် နှစ်ဖက်စလုံးကို မလုပ်ပါနဲ့၊ ကိုယ့်အချင်းချင်း ညှိနှိုင်းကြပါ၊ ဆွေးနွေးကြပါလို့ မေတ္တာရပ်ခံ ထားတယ်`ဟု ဦးစိုင်းအိုက်ပေါင်က ပြောကြားသည်။
 
မိမိတို့၏ အတွင်းရေးပြဿနာကြောင့် တခြားအဖွဲ့အစည်းများကို ရိုက်ခတ်မည်၊ တခြာနိုင်ငံရေး ပယောဂများကို ထိခိုက်စေမည်၊ ပြည်ထောင်စုကြီး၏ အရေးအခင်း တစ်ခုလုံးကိုပါ အနှောင့်အယှက် ဖြစ်စေမည်ဆိုပါက ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်စေကြောင်း၊ သည့်အတွက်ကြောင့် ယင်းကိစ္စမျိုးကို လုံးဝရှောင်လွဲရန် လိုအပ်သည်ဟု ဦးစိုင်းလိတ်က သုံးသပ်ပြောကြားသည်။
 
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCCS) သည် NCA တွင် လက်မှတ်ရေးထိုးထားသော အဖွဲ့ဖြစ်ပြီး ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) ကမူ NCA တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်ဖြစ်သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
Average: 5 (1 vote)

Add new comment