တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အောင်လအန်ဆန်ကို ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုဆုငွေ သိန်း ၁၀၀ ပေးအပ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အောင်လအန်ဆန်ကို ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုဆုငွေ သိန်း ၁၀၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်သူ အောင်လအန်ဆန်အနေဖြင့် ဘရာဇီးနိုင်ငံသား လက်ဝှေ့သမား ALEXANDRE MACHADO အား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက် သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသော လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်လုပွဲတွင် ပထမအချီ၌ပင် အလဲထိုးအနိုင်ရရှိခဲ့သည်။  ယခင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ဆုအပြင် လိုက်ဟဲဗီး ၀ိတ်တန်းကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ဆုကိုပါ ထပ်မံရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့သည့်အတွက် အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ မိသားစုများက လှိုက်လှဲစွာဂုဏ်ပြု၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကပေးပို့သည့် ဂုဏ်ပြုစာလွှာ နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၁၀၀ တို့ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက ဖေဖော်ဝါရီလ ၂၄ ရက်၊ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Rose Garden Hotel ၌ သွားရောက် ချီးမြှင့်ပေးအပ်ရာ အောင်လအန်ဆန်က လက်ခံရယူခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ထားသည်။

ထို့နောက် ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန်ဆန်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ချီးမြှင့်ငွေအား My Me ပရောဂျက်မှ ကလေးငယ်များ၏ ပညာရေး နှင့်ကချင်ပြည်နယ်ရှိ ပရဟိတလုပ်ငန်းများတွင် အသုံးပြုသွား မည်ဖြစ်ကြောင်း၊ ချန်ပီယံဆုအား ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းနှင့် နောက်ပြိုင်ပွဲများတွင်လည်း ပိုမိုကြိုးစားသွားမည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

The Ladies News

Vote: 
No votes yet

Add new comment