ဦကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုတွင် နောက်ကွယ်၌ အဖွဲ့အစည်းတစ်ခု ရှိနေသည်ဟု ဆို

NLD ပါတီ၏ ဥပဒေအကြံပေးတစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံသတ်ဖြတ် ခံရမှုတွင် နောက်ကွယ်၌ အဖွဲ့အစည်းတစ်ခု ရှိနေသည်ဟု တရားလိုရှေ့နေဖြစ်သူ ဦးနေလ က ပြောကြားသည်။
 
ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ကြားနာစစ်ဆေးနေသော ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု ၃၉ ကြိမ်မြောက် ရုံးချိန်းအပြီးတွင် ၄င်းက သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
 
`ဒီလုပ်ကြံမှုဟာ သာမန်အားဖြင့်ပြောမယ်ဆိုရင် လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ လုပ်ကြံမှုလို့ ယူဆရသော်လည်းပဲ ဒီကိစ္စဟာ ဒီလုပ်ကြံမှုမျိုး၊ ဒီလိုအကြမ်းဖက်မှုမျိုး၊ ဒီလိုလူသတ်တဲ့ ကိစ္စမျိုးတွေအားလုံးကို ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု နောက်ကွယ်ကနေ အခိုင်အမာရှိတယ်လို့ ယူဆရတယ်။ နောက်ဆုံးပိတ် ပြောမယ်ဆိုရင်တော့ ဒီလိုကိစ္စတွေ အားလုံးဟာ ဆောင်ရွက်ခဲ့တဲ့နေရာမှာ အရင်းတုန်းက အရေးကြီးတဲ့ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ အကြမ်းဖက်မှုတွေ အားလုံးကို ဆောင်ရွက်တဲ့ဟာမှာ သူတို့ပါရှိတယ်လို့ ယူဆရတယ်။ ဘယ်နေရာလဲ ဆိုတဲ့ဟာတော့ ဒီနေရာမှာ အတိအကျမပြောလိုဘူး´ ဟု ဦးနေလ က ပြောကြားသည်။
 
တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်ထားခြင်းခံရသော အောင်ဝင်းခိုင်နှင့် ဇေယျာဖြိုးတို့သည် ကုမ္ပဏီများထောင်ကာ အကျိုးတူစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်ကို သိရှိရပြီး ၄င်းတို့၏ ကုမ္ပဏီများကို နောက်ကွယ်မှ မည်သူက ထောက်ပံ့နေသလဲဟု မေးခွန်းထုတ်ခဲ့သည်။
 
`သူတို့ကုမ္ပဏီတွေအားလုံးဟာ ဘယ်သူကနေ ထောက်ပံ့ထားလဲ၊ နောက်ကွယ်ကနေ အကြမ်းဖက် လုပ်ငန်းတွေ အားလုံးကို လုပ်ကိုင်နိုင်ဖို့အတွက်ကို ဘယ်သူက ထောက်ပံ့ထားပြီးတော့ ဒီလိုအဖွဲ့အစည်းမျိုးတွေ ဖွဲ့စည်းခိုင်းတယ်၊ သူတို့ရဲ့အဖွဲ့အစည်း၊ သူတို့ရဲ့ လုပ်ငန်းလုပ်ကိုင်နိုင်မှု ရန်ပုံငွေကို ဒီအဖွဲ့အစည်းတွေမှာ စီးပွားရေး လုပ်ကိုင်ပြီး ဆောင်ရွက်တဲ့ အပိုင်းကို တွေ့ရတယ်။ အဲဒီမှာ ဇေယျာဖြိုးက ကာယကံမြောက် ဒီကိစ္စမှာ ပါဝင်ဆောင်ရွက်ခြင်း မရှိသော်လည်းပဲ သူဟာ ငွေကြေးထောက်ပံ့မှုထဲမှ အဓိက ခရာကျတယ်လို့ ယူဆရတယ်´ ဟု ဦးနေလက ပြောကြားသည်။
 
ဦးကိုနီလုပ်ကြံသတ်ဖြတ် ခံရမှုနှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ရဲချုပ်ဇော်ဝင်း (အငြိမ်းစား)တို့ ၂၀၁၇ ခုနှစ်ထဲတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းပွဲအရ သိရှိသည်မှာ ဦးကိုနီလုပ်ကြံခဲ့မှုကို စတင်ကြံစည်ခဲ့သူများမှာ ဇေယျာဖြိုးနှင့် အောင်ဝင်းဇော်တို့ ဖြစ်သည် ဟု ၄င်းကပြောကြားသည်။
 
`ရဲချုပ်ဦးဇော်ဝင်းရဲ့ သတင်းစာရှင်လင်းပွဲ၊ နောက်တစ်ခါ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေရဲ့ သတင်းစာ ရှင်းလင်းပွဲတွေအရ ကြည့်မယ်ဆိုလို့ရှိရင် အဓိက ဒီကိစ္စကို ကြံစည်တာက ဇေယျာဖြိုးနဲ့ အောင်ဝင်းဇော်တို့ကနေ ဒီကိစ္စကို ဖြစ်မြောက်အောင် ဆောင်ရွက်ဖို့ စတင်ကြံစည်ကြတယ်။ အဲလိုကြံစည်ကြပြီးတဲ့ အခါကြတော့ ဇေယျာဖြိုးကနေပြီးတော့ ငွေထုတ်ပေးတယ်´ ဟု ဦးနေလ ကပြောကြားသည်။
 
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည့် ပြောကြားချက်များကို ရေးသားထားသည့် မြန်မာ့အလင်း သတင်းစာအား တရားရုံးတွင် သက်သေခံအဖြစ် တင်သွင်းခဲ့သည်ဟု ဦးကိုနီအမှုတွင် လိုက်ပါဆောင်ရွက်သည့် ရှေ့နေတစ်ဦးဖြစ်သည့် ဦးခင်မောင်ဌေးက ပြောကြားသည်။
 
`ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်ပါပြီးတော့ သတင်းစာရှင်လင်းပွဲ လုပ်လိုက်တယ်။ သူတို့ သိရသလောက်ပေါ့ဗျာ။ သူတို့လည်း အတော်အတန် စုံစမ်းပြီးပါပြီ။ သိရသလောက် အမှုကိုဆက်စပ်ပြီး အကောင်အထည် ဖေါ်လိုက်တဲ့အခါမှာ ဇေယျာဖြိုးက ပိုက်ဆံ သိန်းတစ်ထောင် ထုတ်ပေးတယ်။ အဲဒီအကြောင်းအရာပေါ်မှာ မူတည်ပြီးတော့ အောင်ဝင်းဇော်နဲ့ ကြည်လင်းက ဦးကိုနီကို သတ်တဲ့အဆင့်အထိ အကောင်အထည်ဖေါ်ပြီး ဖြစ်ပျက်သွားတယ်ဆိုတဲ့ အကြောင်းအရာသည် တာဝန်ခံနိုင်မှုမရှိဘဲနဲ့ ရဲချုပ်ပြောတာ မဟုတ်ဘူး၊ တာဝန်ခံနိုင်မှု မရှိဘဲနဲ့ ပြည်ထဲရေးဝန်ကြီးပါတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတာမဟုတ်ဘူး။ အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ ပြောတဲ့အချက်ကို သတင်းစာကဖေါ်ပြတယ်၊ အဲဒီသတင်းစာကို တရာရုံးက သက်သေခံအဖြစ် လက်ခံထားတယ်´ ဟု ၄င်းက ပြောကြားသည်။
 
ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုကို ကြားနာစစ်ဆေးနေသော ၃၉ ကြိမ်မြောက်ရုံးချိန်တွင် အမှုစစ်ရဲအရာရှိ ရဲမှူးတင်မောင်ဆွေကို ကြားနာစစ်ဆေးခဲ့သည်ဟု ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှ သတင်းနှင့် ပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးရဲလွင်က ပြောကြားသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment