အနှစ် ၃၀ ကျော် တာဝန်ထမ်းပြီး ကျောင်းဆရာမအဖြစ်မှ အလုပ်ထုတ်ခံရသည့်အပေါ် အလုပ်ပြန်လည် ခန့်ထားရေးအတွက် ကာယကံရှင် ကျောင်းဆရာမမှ သတင်းစာရှင်းလင်း

အနှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ရန်ဖြစ်သည့်ကိစ္စနှင့် ပတ်သက်ပြီး ကျောင်းဆရာမအဖြစ်မှ အလုပ်ထုတ်ခံရသည့်အပေါ် အလုပ်ပြန်လည် ခန့်ထားရေးအတွက် ကာယကံရှင် ကျောင်းဆရာမ တစ်ဦးဖြစ်သည့် ဒေါ်အေးမြသိန်းက ဇန်နဝါရီ် ၁၃ ရက်က သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။
 
အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦးဖြစ်သည့် ဒေါ်အေးမြသိန်းသည့် ၁၉၈၃ ခုနှစ်မှ ၂၀၁၇ အောက်တိုဘာ ၉ ရက်နေ့အထိ ၃၄ နှစ်နီးပါး တာဝန်ထမ်း ဆောင်ခဲ့ကြောင်းဆိုသည်။
 
ထိုသို့ တာဝန်ထမ်းဆောင်စဉ် ၂၀၁၆၊ စက်တင်ဘာ ၂၅ ရက်နေ့က အ.ထ.က ၂ မြောက်ဦးတွင် သတ္တမတန်းအား စာသင်ကြားရင်း တာဝန်ထမ်းဆောင် နေစဉ်တွင် တစ်ကျောင်းတည်း အတူတာဝန်ထမ်းဆောင်သည့် ဆရာမတစ်ဦးက ထီးကျိုးသည်အထိ ရိုက်နှက်သဖြင့် ဒဏ်ရာများရရှိကာ မြောက်ဦးမြို့မ ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
 
ယင်းအမှုနှင့် ပတ်သက်ပြီး ၂၀၁၆၊ ၁၀ လပိုင်း ၃ ရက်နေ့တွင် မြောက်ဦးမြို့ ပညာရေးမှူးရုံးတွင် လည်းကောင်း၊ ၂၀၁၆ အောက်တိုဘာ ၂၇ ရက်နေ့တွင် ပြည်နယ် ပညာရေးမှူးရုံးတွင် လည်းကောင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး ရိုက်နှက်သည်ဟု ဆိုသည့် ဆရာမဖြစ်သူအား ရာထူးတစ်ဆင့် လျှော့ချပြီး အခြားကျောင်းသို့ ရွှေ့ပြောင်းခဲ့ကြောင်း ပြောပြချက်အရ သိရသည်။
 
ယင်းနောက် ၂၀၁၇ ဇန်နဝါရီ် ၂၃ ရက်စွဲပါစာအရ ၎င်းတို့နှစ်ဦးအား ကျူရှင်ပြသခြင်းနှင့် စာသင်ခန်းတွင် ရန်ဖြစ်ခြင်း ဖြစ်သည်ဆိုကာ တစ်ဆင့်နိမ့်ရာထူးချကာ ရိုက်နှက်သည်ဟုဆိုသည့် ဆရာမနှင့် သတင်းစာရှင်းလင်းသူ ဆရာမ ဒေါ်အေးမြသိန်းတို့အား မူလတန်းပြများအဖြစ် သက်ဆိုင်ရာကျောင်းများချခဲ့ကြောင်း သိရသည်။
 
ထို့နောက် သတင်းစာရှင်းလင်းသူ ဆရာမဒေါ်အေးမြသိန်းအား ၂၀၁၇ အောက်တိုဘာ ၉ ရက်နေ့စွဲဖြင့် ဒေါ်အေးမြသိန်းသည် ပညာရေးဌာနမှ ချမှတ်သည့် ကျူရှင်ပြသခြင်းနှင့် စာသင်ခန်းအတွင်း ရန်ဖြစ်ခြင်း တို့ကြောင့် တစ်ဆင့်နိမ့် ရာထူးလျှော၍ ကျောင်းပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းအား လိုက်နာမှုမရှိခြင်း၊ အထက်အရာရှိများအား မဟုတ်မမှန် ဂုဏ်သိက္ခာ ကျဆင်းအောင် နည်းမျိုးစုံဖြင့် ကြံစည်နေခြင်း တို့ကြောင့်ဆိုကာ ပြည်နယ်ပညာရေးမှူးမှ လက်မှတ်ရေးထိုးကာ အလုပ်မှထုတ်ပယ်ကြောင်း စာထုတ်ခဲ့ကြောင်း သတင်းရှင်းလင်းပွဲတွင် ထုတ်ပြသည့်စာများအရ သိရသည်။
 
ကာယကံရှင် ဒေါ်အေးမြသိန်းက "အဲ့ဒီစာနဲ့ ပတ်သက်လို့ ကျွန်မကျူရှင်ပြသခြင်းလည်း မရှိ၊ စာသင်ခန်းထဲမှာ ရန်ဖြစ်တာမရှိပါဘူး။ ကျွန်မကို ရိုက်တာကို ခံရတာပဲရှိပါတယ်။ ကျွန်မ ဘာမှပြန်မလုပ်ခဲ့ပါဘူး။ အဲ့ဒါကို ဖြစ်တယ်လို့ ကျွန်မကိုစွပ်စွဲထားတယ်။ ပြီးတော့ တစ်ဆင့်နိမ့်ရာထူး လျှော့ပြီး ကျောင်းပြောင်းတာကို ဆုံးဖြတ်ချက်ကို လိုက်နာမှု မရှိဘူးလို့ သူတို့ကပြောထားပါတယ်။ ကျွန်မဟာ တာဝန်ထမ်းဆောင်တဲ့ ကျောင်းအုပ်ကြီး ကျောင်းထောက်ခံစာ ရှိပါတယ်။ အလုပ်စတင် ဝင်ရောက်ကြောင်း ကျောင်းအုပ်ကြီး ထောက်ခံစာရှိပါတယ်။ ကျောင်းမှာလည်း ကျွန်မ တာဝန်ထမ်းဆောင်နေပါတယ်”ဟု ပြောသည်။
 
ယင်းကိစ္စနှင့် ပတ်သက်ပြီး အလုပ်ထုတ်ခံရသည့်အတွက် ကျေနပ်မူမရှိကြောင်း၊ ကျောင်းဆရာမအဖြစ် ပြန်လည်တာဝန် ထမ်းဆောင်လိုကြောင်း ယင်းကိစ္စကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် သက်ဆိုင်ရာဌာနများသို့ အသနားခံစာ ပေးပို့ထားကြောင်း ဆိုသည်။
 
၎င်းအနေဖြင့် တစ်ဖက်ဆရာမဖြစ်သူမှ ရိုက်နှက်မှုနှင့် ပတ်သက်ပြီး သတင်းမီဒီယာများ မေးမြန်းချက်ကို စဉ်းစားမရဘူးဟုသာ ပြန်လည်ဖြေကြားခဲ့ပြီး အတိအကျ ပြောဆိုခဲ့ခြင်းမရှိပေ။
 
၎င်းကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှအား ဆက်သွယ်မေးမြန်းရာ သတင်းစာရှင်းလင်းသူ ဒေါ်အေးမြသိန်းအနေဖြင့် ကျူရှင်မပြဘူးဆိုသည်မှာ မဟုတ်ကြောင်း၊ ကျူရှင်ပြသည်ကို ကျောင်းအုပ်ကြီးဖြစ်သူ သက်သေရှိကြောင်း ထိုသို့ကျူရှင်ပြသည့် ကိစ္စမှစတင်ကာ ရိုက်နှက်သည်ဆိုသည့် ဆရာမအား ပေးရမည့်ငွေ လျှော့ပေးရာမှ အခြေတင်စကားများရာမှ ရိုက်နှက်မှု ဖြစ်ပွားခြင်းဖြစ်သည်ကို စစ်ဆေး တွေ့ရှိကြောင်း ၊ ပြည်နယ်ပညာရေးမှူးရုံးအား ငွေကြေးလက်ဆောင် လက်ခံရယူခြင်းနှင့် တစ်မြို့တည်းသား ဖြစ်သည်ဟုဆိုကာ အကြံပေးကော်မရှင်အထိ တိုင်ကြားခြင်းများရှိပြီး ယင်းကိစ္စများ စစ်ဆေးရာတွင် သူမဘက်မှ ခိုင်မာတဲ့ သက်သေအထောက်အထား မပြနိုင်ခြင်း၊ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် တင်ခြင်း စသည့်အချက်များကြောင့် ပညာရေးဝန်းကြီးရုံးမှ အထက်လူကြီးများ သိက္ခာကျအောင် လုပ်သည်ဆိုကာ အလုပ်ရပ်နားရန် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။
 
ယင်းကိစ္စနှင့် ပတ်သက်မှုအပေါ် ဆက်လက်လုပ်ဆောင်ခြင်းနှင့် စပ်လျဉ်း၍ ဦးစိန်ထွန်းလှက "တုန့်ပြန်မှုက မဟုတ်မမှန်စွပ်စွဲလို့ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်။ သူကျူရှင်မပြုဘူးလို့ ပြောပေမယ့် ကျွန်တော်တို့မှာ သက်သေအထောက်အထား ရှိပါတယ်။ ကျူရှင်မပြပါဘူးလို့ လက်မှတ်ထိုးထားပြီးသားပါ။ ဒါပေမယ့် ပြသ၁နာမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူး။ ပြသ၁နာဖြစ်ရင် ကျူရှင်ပြတဲ့ဥပဒေနဲ့ ဟိုဘက်ရုံးက တစ်ခါ ရာထူးချတယ်။ ရာထူးချခံရုံနဲ့ မပြီးသေးဘူး သူက အထက်လူကြီးတွေကို ထပ်တိုင်တယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အထိပေါ့။ ပြည်နယ်ရုံးကို ငွေကြေးလက်ဆောင်ပဏ္ဍာ ပေးတယ်ဆ်ုပြီး ထပ်တိုင်တယ်။ တိုင်းပြီးတော့လည်း ခုနကပြောသလို သက်သေအထောက်အထား မပြနိုင်ဘူး။ အဲ့ဒါကြောင့် အထက်လူကြီးကို သိက္ခာချတယ်ဆိုပြီး ရာထူးက ရပ်လိုက်တာဖြစ်ပါတယ်။ အခုလို သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ သူက သူ့ဘက်က မှန်ကန်ခိုင်မာမှု မရှိဘူးဆိုရင် ကျွန်တော်တို့ ပြည်နယ်ပညာရေးမှူးရုံး အနေနဲ့ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
 
The Ladies News
 

 

Vote: 
Average: 1 (1 vote)

Add new comment