ဆန်းချက်စ်ကိုခေါ်ယူဖို့ အားပျော့လာတဲ့ မန်စီးတီး

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေနိုင်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ အာဆင်နယ်ကစားသမား ဆန်းချက်စ်ကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါကစားသမားကို မန်စီးတီးအသင်းနဲ့အပြိုင် မန်ချက်စတာ ယူနိုက်တက်အသင်းကပါ စိတ်ဝင်စားနေပြီး မကြာသေးမီက မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သဘောတူညီမှုရရှိပြီးပြီလို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
 
အာဆင်နယ်အသင်းဟာ အသင်းကြီးတွေ အပြိုင်စိတ်ဝင်စားနေတဲ့ အဆိုပါ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို တော့ ပေါင် သန်း ၄၀ သတ်မှတ်ထားပြီး ၃၅ သန်းဝန်းကျင် ရရှိပါက ရောင်းချသွားမှာဖြစ်ပြီး ဆန်းချက်စ်ကလည်း ဇန်န၀ါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ အသင်းကထွက်ခွာဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းဟာ အဆိုပါကစားသမားကို ပေါင်သန်း ၂၀ ဖြင့်သာ ကမ်းလှမ်းထားတာကြောင့် လက်ရှိအချိန်ထိ အာဆင်နယ်အသင်းဘက်မှ မည်သည့်တုန့်ပြန်မှုမှ မရရှိသေးဘူးလို့ သိရပါတယ်။
 
မန်ယူနည်းပြ မော်ရင်ဟိုကတော့ "ဆန်းချက်စ်ဟာ အရည်အချင်းရှိတဲ့ ကစားသမား တစ်ယောက်ပါ။ သူဟာ အခု အာဆင်နယ်အသင်းမှာပဲ ရှိနေပါသေးတယ်။ ကျွန်တော်လည်း မသိနိုင်ပါဘူး။ သူ ဒီအပြောင်းအရွှေ့ ကာလအတွင်း ပြောင်းမှာလား၊ သူ့အသင်းမှာ ဆက်နေမလား ဆိုတာကိုပေါ့။ ဖြစ်နိုင်ခြေများတာကတော့ သူဟာ အာဆင်နယ်မှာ ဆက်ရှိနေဖို့ များပါတယ်။ သူနဲ့ ပတ်သက်ပြီး တိကျတဲ့အဖြေတွေ ပေးဖို့တော့ မဖြစ်နိုင်သေးပါဘူး" လို့ ပြောကြားထားပါတယ်။
 
မန်ယူအသင်းအတွက် ဇန်န၀ါရီဈေးကွက် ကစားသမား အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး တော့လည်း မော်ရင်ဟိုက "ကျွန်တော် အပါအ၀င် အသင်းတာဝန်ရှိသူတွေကလည်း ဒီအပြောင်းအရွှေ့ ဈေးကွက်အပေါ် သိပ်အများကြီး မျှော်လင့်မထားပါဘူး။ အသင်းသားတွေနဲ့ပဲ စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေကြပါတယ်။ ကျွန်တော်တို့ ဘာကို ယုံကြည်ထားလဲဆိုတော့ ဘောလုံးလောကမှာ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ လူခေါ်ချင်ရင် ဇန်န၀ါရီလတင်မကပါဘူး မတ်လမှာလည်း စာချုပ်ချုပ်လို့ရတာပဲ ဇူလိုင်လည်းရတာပါပဲဗျာ" လို့ ပြောကြားခဲ့ပါတယ်။
 
ဆန်းချက်စ်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းကလည်း စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ အဆိုပါ ကစားသမားရဲ့ ဆန္ဒကတော့ မန်ယူ၊ ပီအက်စ်ဂျီအသင်းတွေထက် မန်စီးတီး အသင်းကို
ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြနေတယ်လို့ သိရပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment