ပြည်တွင်းစစ်ဖြစ်နေသော ကချင်ပြည်နယ်တွင် အကြီးစားစွမ်းအင် ထုတ်လုပ်မှုစီမံကိန်းကို ရည်ရွယ်သည့် လေ့လာဆန်းစစ်ရေးများ မလုပ်သင့်ကြောင်း နိုင်ငံရေးပါတီများကန့်ကွက်

ပြည်တွင်းစစ် ဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် အကြီးစားစွမ်းအင် ထုတ်လုပ်မှုစီမံကိန်းကို ရည်ရွယ်သည့် လေ့လာဆန်းစစ်ရေးများ မလုပ်သင့်ကြောင်း ကချင်ဒီမိုကရက်တစ်ပါတီ (KDP) မှ အထွေထွေ အတွင်းရေးမှူး ဦးဂျော်ဆန်းနော် The Ladies News သို့ ပြောကြားသည်။
 
ဇန်န၀ါရီလ ၅ ရက်က မြစ်ကြီးနားမြို့ Palm Spring ဟိုတယ်တွင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) မှ ဦးဆောင်ပြီး မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက် (SEA) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်းကို ကချင်နိုင်ငံရေးပါတီများ က ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
 
`ပထမတစ်ကြိမ်တုန်းကတော့ International Finance Corporation နဲ့ World Bank နဲ့ပေါ့။ သူတို့နှစ်ဖွဲ့ ကနေပြီးတော့ တရုတ် CPI နဲ့ Joint လုပ်ပြီးမှ အလုပ်ရုံဆွေးနွေးပွဲ လာလုပ်တာပါ။ အခုက ဒုတိယအကြိမ်ပေါ့။ ဒုတိယအကြိမ်မှာတော့ CPI တော့ မပါတော့ဘူး။ သို့သော်လည်း ကျန်တဲ့ နိုင်ငံတကာအဖွဲ့တွေ ငါးဖွဲ့လောက် ပါတယ်။ ဒီနေ့ Workshop လာလုပ်တာပေါ့။ မနေ့ ညကပဲ သိပါတယ်။ သူတို့ရဲ့ လေ့လာဆန်းစစ်ချက်တွေ ဧရာဝတီမြစ် အထက်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်းပေါ့။ အထူသဖြင့် အထက်ပိုင်းမှာ ရေးအားလျှပ်စစ် စွမ်းအင်နဲ့ ပတ်သက်တဲ့ သဘာဝ ပတ်ဝန်းကျင် လူမှုပတ်ဝန်းကျင် လေ့လာဆန်းစစ်တဲ့ ဟာတွေကို သူတို့ ဆွေးနွေးတယ်လို့ သိရတယ်။ ပွင့်လင်းမြင်သာမှု အားနည်းတယ်၊ နောက် ဒေသခံတိုင်းရင်းသားတွေရဲ့ ပါဝင်မှုလည်း အင်မတန်မှ အားနည်းတယ်။ နောက် အခုစစ်ဖြစ်နေတဲ့ အနေအထားမှာတော့ ဒီဟာတွေ မလုပ်သင့်သေးဘူး၊ မစီမံသင့်သေးဘူး ဆိုပြီး ကန့်ကွက်တာပါ´ ဟု ဦးဂျော်ဆန်းနော်က ပြောကြားသည်။
 
ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (KPCC) မှလည်း ပြည်တွင်းစစ် ပြင်းထန်နေသော ကချင်ပြည်နယ်တွင် နိုင်ငံတကာ အဖွဲ့အစည်းများမှ အကြီးစား စွမ်းအင်ထုတ်လုပ်မှု စီမံကိန်းကို ရည်ရွယ်သည့် မဟာဗျူဟာမြောက် လေ့လာဆန်းစစ်ရေး အဖွဲ့အား KPCC မှ ပြင်းထန်စွာ ကန့်ကွက်သည်။ လက်ရှိ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ဆန်းစစ်လေ့လာရေး လုပ်ငန်းကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဗဟိုတို့မှ တစ်ဖက်သတ် လုပ်ဆောင်နေခြင်းသည် လွဲမှားသော လုပ်ရပ်ဖြစ်သည်ဟု ကြေညာချက် တစ်စောင် ထုတ်ပြန်ထားသည်။
 
မြစ်ကြီးနားမြို့ Palm Spring ဟိုတယ်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ၏ ရေးအားလျှပ်စစ် ကဏ္ဍအတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လေ့လာဆန်းစစ်ချက် (SEA) ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအား မြစ်ဆုံဒေသခံများ၊ လူမှုရေး အဖွဲ့အစည်းများက ကန့်ကွက်ဆန္ဒပြရန် ကြိုးပမ်းခဲ့ပေမယ့် ခွင့်ပြုချက် မပြုသောကြောင့် ဆန္ဒထုတ်ဖော်ခွင့် မရခဲ့ပေ။
 
Photo - CThu (Myitkyina News Journal)
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment