နိုင်ငံခြားရေးမူဝါဒအရ နိုင်ငံအားလုံးနှင့် မိတ်ဆွေအဖြစ် နေထိုင်ရေး ဆိုသော်လည်း အနိုင်ကျင့်ခံမည်ဆိုသည့် အဓိပ္ပာယ်မဟုတ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအရ နိုင်ငံအားလုံးနှင့် အဆင်ပြေရေး အပေါ် အခြေခံကြောင်း၊ သို့ရာတွင် အားလုံးနှင့် မိတ်ဆွေအဖြစ် နေထိုင်ရေးဆိုသော်လည်း အနိုင်ကျင့်ခံမည်ဆိုသည့် အဓိပ္ပာယ် မဟုတ်ကြောင်း၊ အမှန်တရားဘက်မှ မားမားမတ်မတ် ရပ်တည်ရ မည်ဖြစ်ကြောင်း၊ အမှန်တရားအတွက် သိက္ခာရှိရှိ ရပ်တည်ရမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ၏ သိက္ခာအား ထိပါးစော်ကားမှုမျိုးကို လက်ခံ၍ မဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သိက္ခာရှိရှိ နေနိုင်ရန်အတွက် ပြည်သူများ အရည်အချင်းကို အားကိုးမည်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ဆက်ဆံရာတွင် ကိုယ့်နိုင်ငံရဲ့ သိက္ခာကိုလည်း မကျအောင်၊ မိတ်လည်း မပျက်အောင် ဆောင်ရွက်ရန်မှာ သံတမန်ကောင်းများ၏ အရည်အချင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရချိန်တွင် ယင်းအချက်မှာ မလွယ်ကူကြောင်း၊ သို့ရာတွင် သံတမန်များအနေဖြင့် သိက္ခာကိုထိန်းသိမ်း၊ မိတ်လည်းမပျက်၊ အပြုံးလည်းမပျက်ဘဲ ကမ္ဘာ့ဇာတ်စင် အလယ်မှာ ရုန်းကန်ကြိုးစား သွားရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၅ ရက်က ပြောကြားခဲ့သည်။
 
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ်၊ နှစ်သစ်ကူး မိသားစုမိတ်ဆုံ ညစာစားပွဲနှင့်‌ ဆုချီးမြှင့်‌ပွဲအခမ်းအနားကို နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ဇန်န၀ါရီလ ၅ ရက်နေ့၊ ညပိုင်းက ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အကျဉ်းအကျပ်ထဲ ရောက်ရှိလာပါက ရှေ့တန်းမှထွက်၍ နိုင်ငံ၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ကာကွယ်ရန်မှာ နိုင်ငံခြားရေး ၀န်ထမ်းများ၏ တာဝန်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါအချက်ကို လက်တွေ့ကျကျ တွေ့ကြုံရင်ဆိုင်ခဲ့ရပြီး ဖြစ်ကြောင်း၊ မိမိတို့ ဝန်ထမ်းများအနေဖြင့် စိတ်ဓာတ် ခိုင်ခိုင်မာမာဖြင့် ကြိုးစားဆောင်ရွက်သွားမည် ဆိုပါက မည်သည့်အခက်အခဲမဆို ကျော်လွှားသွားနိုင်မည် ဖြစ်ကြောင်းဖြင့်လည်း ပြောကြားခဲ့သည်။
 
သံတမန်ရေးတွင်ဖြစ်စေ၊ နိုင်ငံရေးတွင် ဖြစ်စေ၊ မည်သည့်ကိစ္စတွင်ဖြစ်စေ အမှန်တရားကို အခြေခံရမည်ဟု ယုံကြည်ကြောင်း၊ အမှန်တရားကို အခြေခံပါက တစ်ချိန်မဟုတ် တစ်ချိန် အမှန်ကို ရနိုင်မည်ဖြစ်ကြောင်း၊ အမှန်တရားကို အခြေခံသည့်အတွက် ကျောလုံလုံဖြင့် ရှေ့ကိုရှင်းရှင်းလင်းလင်း သွားနိုင်မည် ဖြစ်ကြောင်း၊ မိမိလိုချင်တာရဖို့အတွက် လိမ်လည်လှည့်ဖျားခြင်း၊ အခြားသူကို မမှန်မကန် စော်ကားခြင်း၊ မမှန်မကန် ဒုက္ခရောက်အောင် လုပ်ခြင်းတို့ကို လုံးဝမလုပ်သင့်ကြောင်း၊ သံတမန်တစ်ကောင်း တစ်ယောက်အနေဖြင့် မကောင်းသည့် နည်းလမ်းများကို မသုံးဘဲ မိမိတာဝန် ကျေပွန်အောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ၀န်ထမ်းများအနေဖြင့် မိမိကိုယ်ကို တိုးတက်စေရန် ဆက်လက်ကြိုးပမ်းလျက် အချင်းချင်း ရဲဘော်ရဲဘက်စိတ် မွေးလျက် အေးအတူပူအမျှ ချစ်ချစ်ခင်ခင် မိသားစုစိတ်ဓာတ်ဖြင့် နိုင်ငံအကျိုးဆထက်ထမ်းပိုး သယ်ပိုးဆောင်ရွက် နိုင်စေရန် ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
 
အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်‌ ဇနီးဒေါ်လွင်လွင်မှန်၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment