နျူကလီးယား စမ်းသပ်သည့်နေရာတွင် အကျိုးဆက်အနေဖြင့် ကပ်ဘေး ကျရောက်နိုင်ကြောင်း မြောက်ကိုရီးယားကို တရုတ်သတိပေး

တောင်တန်းထူထပ်သော ဒေသတွင်ရှိသည့် ဖြောင်ဂယ်ရီ နျူကလီးယား စက်ရုံတွင် နောက်ထပ်စမ်းသပ်မှုကို လုပ်ဆောင်မည် ဆိုပါက အကျိုး ဆက်မှာ ကပ်ဘေးကျရောက်သည့် သဖွယ်ဖြစ်နိုင်ကြောင်း မြောက် ကိုရီးယားကို တရုတ်ဘူမိဗေဒ ပညာရှင်များက သတိပေး ပြောကြားလိုက် သည်ဟု The South China Morning Post သတင်းတွင် ဖော်ပြထား သည်။
 
မြောက်ကိုရီးယားနိုင်ငံသည် တရုတ်နယ်စပ်မှ မိုင် ၅ဝ ခန့်အကွာ၌ တည်ရှိသော ယင်းစက်ရုံတွင် ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းက ဆဋ္ဌမမြောက် နျူကလီးယား စမ်းသပ်မှုကို လုပ်ဆောင်ခဲ့သည်။ ယင်းစမ်းသပ်မှု ပြီးနောက် အခြားစမ်းသပ်မှုတစ်ခု လုပ်ဆောင်ပါက တောင်ထိပ်ပိုင်းတွင် ထိခိုက်မှုရှိနိုင်ပြီး ကြီးမားသော တောင်ပြိုမှုဖြစ်ရာမှ တရုတ်နယ်စပ် အတွင်းသို့ ရေဒီယို သတ္တိကြွ စွန့်ပစ်အမှုန်များ ဝင်ရောက် လာနိုင်ကြောင်း အကြီးတန်း တရုတ်နျုကလီးယား သိပ္ပံပညာရှင်တစ်ဦးက သတိပေးထားသည်။ စက်တင်ဘာ ၂၀ ရက်တွင် တရုတ်သိပ္ပံအကယ်ဒမီရှိ ဘူမိဗေဒကျောင်းနှင့် မြောက်ကိုရီးယား အဖွဲ့တစ်ခုတို့ တွေ့ဆုံချိန်တွင် ယင်းသတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
 
မြောက်ကိုရီးယား၏ စက်တင်ဘာ နျူကလီးယား စမ်းသပ်မှုသည် အင်အား အပြင်းဆုံး စမ်းသပ်မှုကြီးလည်း ဖြစ်သည်။ ၁၉၄၅ ခုနှစ်၊ ဒုတိယကမ္ဘာစစ် ကာလအတွင်း ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့သို့ အမေရိကန်နိုင်ငံက ကျဲချခဲ့ သော ဟိုက်ဒရိုဂျင်ဗုံးထက် ၇ ဆနီးပါး ပိုမိုပြင်းထန်နိုင်ပြီး အလေးချိန် ၁၀၀ ကီလိုတန်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
 
ယင်းစမ်းသပ်မှု လုပ်ဆောင်ခဲ့ချိန်မှ စတင်ကာ မြောက်ကိုရီးယား နိုင်ငံက လေကြောင်းနှင့် သင်္ဘောသွားလာမှုများကို ကြီးမားသော ထိခိုက်မှု ဖြစ်ပေါ်စေနိုင်မည့် ပစိဖိတ်သမုဒ္ဒရာပေါ်တွင် ဟိုက်ဒရိုဂျင် ဗုံးတစ်ခုကို စမ်းသပ်မည်ဟု ခြိမ်းခြောက် ထားသည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် CNN က ထုတ်လွှင့်ခဲ့သော အင်တာဗျူးတစ်ခုတွင် မြောက်ကိုရီးယား အစိုးရကို ကိုယ်စားပြုသော အရာရှိတစ်ဦးဖြစ်သူ ရီယုံဖီလ်က မြောက်ကိုရီးယား၏ စမ်းသပ်ချက် ခြိမ်းခြောက်မှုသည် အမေရိကန်ကို တိုက်ရိုက် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
 
အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်သည် သောကြာနေ့တွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားကို ပိုင်းခြားထားသော စစ်မဖြစ်ပွားရေးဇုန်သို့ သွားရောက် လည်ပတ်ချိန်တွင် မြောက်ကိုရီးယား၏ မကြာသေးခင်က လုပ်ရပ်များကို ရှုတ်ချပြောဆိုခဲ့သည်။ သို့သော် နှစ်နိုင်ငံ၏ မတူကွဲပြားမှုများကို သံတမန်ရေးအရ အဖြေတစ်ခု လိုလားကြောင်း အလေးပေး ပြောဆိုခဲ့သည်။
 
ဝန်ကြီး မက်တစ်က "မြောက်ကိုရီးယားရဲ့ ရန်စမှုတွေဟာ ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆက်လက် ခြိမ်းခြောက်နေပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အများသဘောတူ ပြစ်တင်ပြောဆို မှုတွေ ရှိနေပေမယ့်လည်း သူတို့ကတော့ ဆက်လက် လုပ်ဆောင်နေပါတယ်" ဟု ပြောကြားခဲ့သည်။
 
ဘာသာပြန်ဆိုသူ - မစ်ကီ
The Ladies News

 

Vote: 
Average: 5 (1 vote)

Add new comment