ရခိုင်ပြည်နယ်၊ ကျောက်တော်မှ ရန်ကုန်သို့ တရားမ၀င် ရောက်ရှိလာ သည့် ဘင်္ဂလီ ၄ ဦး ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် တရားမ၀င် ရောက်ရှိလာသည့် ဘင်္ဂလီ ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
ဖမ်းဆီးရမိမှု ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် စွန်ရဲစီမံချက် အဆင့် ၄ကို အရှိန်တိုးမြှင့် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၉ ရက်(ယနေ့) နံနက် ၂ နာရီခွဲအချိန် ခန့်က မရမ်းကုန်း မြို့မရဲစခန်းမှူးနှင့်အဖွဲ့မှ နယ်မြေအတွင်း ကင်းလှည့် ဆောင်ရွက်စဉ် ၄ ရပ်ကွက်၊ ပြည်လမ်း၊ Ocean ကုန်တိုက်ရှေ့အရောက် တွင် အင်းစိန်မြို့နယ်ဘက်မှ မရမ်းကုန်းမြို့နယ် ဘက်သို့ လမ်းလျှောက် လာ သည့် အမျိုးသား ၂ ဦးအား တွေ့ရှိစစ်ဆေးရာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝ ကျေးရွာနေ အဒူရော်စောင်၊(၂၀)နှစ်၊ (ဘ)အဒူဂေါ်နီ၊ ဘင်္ဂလီ/ မွတ်ဆလင်/ အစ္စလာမ်နှင့် ၀က်ခေါင်းကျေးရွာနေ ဟော်မင်၊ (၁၈)နှစ်၊ (ဘ)လာမိုဟားမား၊ ဘင်္ဂလီ/ မွတ်ဆလင်/ အစ္စလာမ် တို့ ၂ ဦးတို့မှာ တရားမ၀င် ၀င်ရောက် လာကြောင်း စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
ယင်းအပြင် ဘုရင့်နောင်နယ်မြေ ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များက နံနက် ၂ နာရီခွဲအချိန်တွင် အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ အောင်မင်္ဂလာ(၂)လမ်း၊ လမ်းသွယ်(၃)၌ တရားမ၀င်ရောက်ရှိလာသော ဘင်္ဂလီတစ်ဦးအား တွေ့ရှိစစ်ဆေးရာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ နယ်၊ ပေါင်းတုတ်ကျေးရွာနေ ဖော်ဇော်ရော်ဟိန်း၊ (၁၈)နှစ်၊ (ဘ) မိုဟာမက် အီစမန်၊ ဘင်္ဂလီ/ မွတ်ဆလင်/ အစ္စလာမ်ဆိုသူအား တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
 
နံနက် ၉ နာရီ ၂၀ အချိန်တွင်လည်း နယ်မြေအတွင်း ဘင်္ဂလီတစ်ဦး ရောက်ရှိနေကြောင်း သတင်းရရှိ သဖြင့် ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး အဖွဲ့နှင့်အတူ သွားရောက်ရှာဖွေရာ (၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၃၇၁)ရှိ နေအိမ်ခြံစည်းရိုးအတွင်း တိုးဝင်နေသော ဘင်္ဂလီတစ်ဦး တွေ့ရှိသဖြင့် စစ်ဆေးရာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာနေ ဟာဆောင်း၊ (၁၆)နှစ်၊ (ဘ)ဂီလမာမန့်၊ မွတ်ဆလင်/ အစ္စလာမ်ဆိုသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ချက်အရ သိရသည်။
 
အဆိုပါတရားမ၀င် ရောက်ရှိနေလာသည့် ဘင်္ဂလီများအား စစ်ဆေးရာ လွန်ခဲ့သော ၁ လခန့်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ရန်ကုန်မြို့သို့ ရခိုင်လူမျိုး အမျိုးသားတစ်ဦး မောင်းနှင်သော မော်တော် ယာဉ်ဖြင့် လိုက်ပါ လာကြောင်း၊ တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းစီဖြင့် ပို့ဆောင်ခ ပေးရကြောင်း၊ စစ်တွေ- အမ်း- ရန်ကုန် လမ်းအတိုင်း အမျိုးအစားမသိ၊ အဖြူရောင် မော်တော်ယာဉ်ကား နောက်ခန်းတွင် ပစ္စည်းများနှင့်အတူ ရော၍ လိုက်ပါခဲ့ကြောင်း၊ ရန်ကုန်မြို့သို့ ရောက်ရှိပြီး နောက် လိပ်စာမသိ၊ အမည်မသိ၊ ဗမာအမျိုးသား တစ်ဦး၏နေအိမ်တွင် တည်းခိုနေထိုင်ခဲ့ကြောင်း၊ ရန်ကုန်မြို့တွင်းသို့ ကျပန်း အလုပ်လုပ်ကိုင် ရန်အတွက် လမ်းလျှောက် ထွက်လာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။
 
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင်းသို့ တရားမ၀င် ရောက်ရှိလာသည့် ဘင်္ဂလီ ၄ ဦးအား ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ မှုခင်းကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
 
Ref : Yangon Police
The Ladies News

 

Vote: 
No votes yet

Add new comment