အမေရိကန် ကမ်းရိုးတန်းတစ်လျှောက် တစ်နာရီ မိုင် ၁၃၀ ကျော် အင်အားရှိသည့် ဟာရီကိန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်

 
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ကမ်းရိုးတန်းသို့ ၁ နာရီကို ၁၃၅ မိုင်နှုန်းရှိသည့် အင်အားပြင်း ဟာရီကိန်းမုန်တိုင်းကြောင့် ကမ်းရိုးတန်းဒေသတစ်လျှောက် လေပြင်းတိုက်ခတ်မှုတွေကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။
 
၎င်းမုန်တိုင်းသည် ဆယ်စုနှစ်တစ်ခုအတွင်း အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်များတွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းများထဲတွင် အင်အား အကောင်းဆုံး မုန်တိုင်းတစ်ဖြစ်ကြောင်း ဆိုသည်။
 
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှ အပြင်းထန်ဆုံး ထိခိုက်မှုကို ခံစားခဲ့ရသည့် ဧရိယာများကို ပြည်နယ်အထောက်အပံ့များ အမြန်ဆုံးပေးနိုင်ရေးအတွက် ထုတ်ပြန်ထားသည်။
 
အထက်တန်းကျောင်းများ၊ ဟိုတယ်၊ အိမ်ရာအဆောက်အအုံများ၊ အခြားအဆောက်အအုံများ ထိခိုက်မှုရှိကြောင်း အရေးပေါ်ဝန်ဆောင်မှု ဌာနများနှင့် ဒေသမီဒီယာများက ဖော်ပြသည်။ ယင်းအတွက် အချို့နေရာများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်ထားခြင်းများရှိသည်။
 
“ကျွန်တော်တို့ အခုဒီမှာရှိသေးတယ်။ ဘယ်မှသွားလို့မရဘူး။ ကျွန်တော်တို့ ကောလဟာလ အမျိုးပေါင်းတစ်ထောင်လောက် ကြားနေရတယ်။ ဘာတစ်ခုမှ အတည်ပြုလို့မရဘူးဖြစ်နေတယ်။ ဘာကြောင့်ဆို ကျွန်ုပ်တို့ ဘာကိုမှ သဲသဲကွဲကွဲမမြင်ရဘူးဖြစ်နေတယ်။ ကျွန်ုပ်တို့မှာ ပြဿနာအချို့ရှိနေတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ဘာကို ဘယ်လိုလုပ်ရမလဲမသိသေးဘူး”ဟု Rockport မီးသတ်ကယ်ဆယ်ရေး အကြီးအကဲ စတိဗ်စင်းက ပြောသည်။
 
၎င်းကဆက်လက်ပြီး လျှပ်စစ်၊ အင်တာနက်၊ မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုများ ပြတ်တောက်နေပြီး မြို့အတွင်း ပြည်သူ တစ်သောင်း ရှိသည့်အထဲမှ သုံးပုံနှစ်ပုံကတော့ အစောပိုင်းကတည်းက တိမ်းရှောင်သွားပြီးဖြစ်ကြောင်း ပြောသည်။
 
အဆင့်လေးရှိသည့် အဆိုပါမုန်တိုင်းကြောင့် ကော်ပတ်စ်ခရစ်စတီးမြို့က ထောင်နှင့်ချီသည့် ဒေသခံများသည် နေအိမ်များကိုစွန့်ခွာခဲ့ရခြင်းများရှိပြီး မြို့တော်ဝန်က အနီးမှာကျန်ရှိနေသေးသည့် လူတစ်သောင်းခန့်အား အဆိုပါ နေရာကနေ အမြန်ဆုံးထွက်ခွာဖို့ ပြောကြားထားကြောင်း သိရသည်။
 
Ref:The Independent
စိုင်းဟန်
The Ladies News

 

Vote: 
No votes yet

Add new comment