မြန်မာ့ရုပ်စုံသဘင် ဖွံ့ဖြိုးတိုးတက်စေရန် ပထမဆုံးအကြိမ် ရုပ်စုံသဘင်ဆိုင်ရာ သင်တန်း ဖွင့်မည်

မြန်မာ့ရုပ်စုံသဘင် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရုပ်သေးကြိုးဆွဲပညာ ချစ်မြတ်နိုးသည့်
မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် မန္တလေးမြို့တွင် “မြန်မာ့ရုပ်သဘင်
ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်” ကို ပထမဆုံးအကြိမ် ပြုလုပ်မည်ဖြစ်ကြောင်း
သိရှိရသည်။

အဆိုပါ သင်တန်းကို ဆွစ်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့နှင့် (Myanmar
Upper Land MUL)မှ ပူးပေါင်း အကောင်အထည်ဖော် လုပ်ဆောင်ခြင်းဖြစ်ပြီး
သင်တန်းကာလ ၂ ပတ် ကြာမြင့်မည်ဖြစ်ကာ အခမဲ့ သင်ကြား ပေးမည်ဖြစ်ကြောင်း
သိရသည်။

“ဒီသင်တန်းက ပြုလုပ်တာက နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ တစ်ခုတည်း
ရည်ရွယ်တာ မဟုတ်ပါဘူး။ ရိုးရာ မြန်မာ့ရုပ်သေးပညာကို စိတ်ဝင်စားကြတဲ့
မြန်မာလူငယ်တွေအတွက် လက်ဆင့်ကမ်း ပညာအမွေ ပေးချင်တာက အဓိကကျတဲ့
ရည်ရွယ်ချက် ဖြစ်ပါတယ်” ဟု(Myanmar Upper Land MUL)မှ(Project
Coordinator) ဦးကျော်မျိုးကိုက ပြောသည်။

ရုပ်စုံသဘင်သင်တန်းကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၈ ရက်နေ့အထိ နှစ်ပတ်
ပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေးမှ သင်တန်းသား ၂၄ ဦး တက်ရောက်ကြ
မည် ဖြစ်သည်။

“သင်တန်းတက်တဲ့ သူတွေက အခုမှစပြီး ရုပ်သေးပညာကို လေ့လာတဲ့သူ မဟုတ်ပါ
ဘူး။ ရုပ်သေးပညာကို အခြေခံ တတ်ထားတဲ့သူတွေ၊ ရုပ်သေးကြိုးဆွဲပညာနဲ့
အသက်မွေးဝမ်းကြောင်း ပြုနေတဲ့သူတွေကို အဓိက သင်ကြားပေးတာ ဖြစ်ပါတယ်။
ရုပ်စုံသဘင်ပညာကို အဆို၊ အပြော၊ အကပညာ၊ အရုပ်ပြုလုပ်ပုံ၊ ခေတ်အဆက်
ဆက် တီထွင်ဆန်းသစ်မှုတို့ကို အခြေခံမှအစ စာတွေ့၊လက်တွေ့ ၀ါရင့်ရုပ်စုံသဘင်
ပညာရှင်ကြီးတွေက သင်ကြားပေးမှာပါ” ဟု ရုပ်သေးကြိုးဆွဲ ဆရာတစ်ဦးဖြစ်သူ
ကိုသောင်းနိုင်ဦးက ဆိုသည်။

ရုပ်စုံသဘင်ဆိုင်ရာ ပညာကို ရန်ကုန်နှင့် မန္တလေးတို့မှ ၀ါရင့်ပညာရှင်ကြီးများ
ဖြစ်သော ဆရာမ ဒေါ်မမနိုင်၊ ဆရာကြီး ဦးသိန်းနိုင်၊ ဦးထွန်းထွန်းဝင်း၊
ဦးသောင်းနိုင်ဦး၊ ဦးအုန်းမောင်ဦး၊ ဦးပစ်တိုင်းထောင်တို့မှ သင်ကြားပေးမည်
ဖြစ်သည်။

“ရုပ်စုံသဘင်ပညာကို အရမ်းစိတ်ဝင်စားလို့ လွန်ခဲ့တဲ့ လေးလလောက်ကနေစပြီး
လေ့လာသင်ယူခဲ့ပါတယ်။ အခုလို သင်တန်းမျိုးကို တက်ရောက်ခွင့်ရတဲ့အတွက်
အရမ်းကို ၀မ်းသာပါတယ်။ သင်ပြပေးတဲ့ ဆရာတွေ ကလည်း တကယ့်ဝါရင့်
ပညာရှင်ကြီးတွေ ဖြစ်ပါတယ်။ နိုင်ငံတကာက ရုပ်စုံသဘင်ဆိုင်ရာ ကျောင်းတွေမှာ
သွားပြီး လေ့လာချင်ပါတယ်” ဟု မန္တလေးအခြေစိုက် ဧည့်လမ်းညွှန် တစ်ဦးဖြစ်သူ
မ၀ါဝါထက်မောင်က ဆိုသည်။

သင်တန်းဆင်းပွဲနေ့ နိုဝင်ဘာ ၂၈ ရက်တွင် ယဉ်ကျေးမှုဆိုင်ရာ နှီးနှောဖလှယ်မှုများ၊
မန္တလေးနှင့် ရန်ကုန်မှ ရုပ်စုံပညာရှင်များ၏ ဖျော်ဖြေမှုများ၊ ဂျာမန်ရုပ်သေး ပညာရှင်
၏ ဖျော်ဖြေမှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း -MMK
The Ladies News Journal
 

Vote: 
No votes yet

Add new comment