ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုမှာ ၀.၃ ရာခိုင်နှုန်းရှိ

ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုမှာ ၀.၃ ရာခိုင်နှုန်းသာရှိပြီး မြို့နယ် ကျန်းမာရေးဌာနများတွင် လစဉ် စစ်ဆေးမှုများ ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည် ။

“ဖြစ်နိုင်တဲ့ နေရာတွေ ၊ ဥပမာ ရန်ကုန်တိုင်းဆိုရင် မှော်ဘီတို့ တိုက်ကြီးတို့မှာ ဖြစ်ပွားမှုရှိတယ် ။ အဲလိုနေရာတွေကို ကျန်းမာရေး ၀န်ထမ်းတွေနဲ့ လစဉ် သွေးဖောက်စစ်ဆေးမှုတွေ လုပ်တာမျိုးရှိတယ် ။ ရန်ကုန်တိုင်းမှာဆိုရင် သွေးဖောက်စစ်ဆေးတာကနေ သိရတာ ။ ဖြစ်ပွားမှုနှုန်းက ၀.၃ လောက်ပဲ ရှိတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်အေးမွန်မွန်ကျော်က ပြောကြားသည် ။

ငှက်ဖျားပိုးသည် အနောဖလိဆိုသည့် ခြင်အမျိုးအစားမှ တစ်ဆင့် ကူးစက်ပြီး ငှက်ဖျားပိုး ငါးမျိုးရှိကာ သေနိုင်သော ငှက်ဖျားရောဂါနှင့် မသေနိုင်သော ငှက်ဖျားရောဂါ နှစ်မျိုးရှိကြောင်း ခန္ဓာကိုယ် အရေပြားသို့ ငှက်ဖျားပိုးပါသည့် အနောဖလိခြင် ကိုက်လိုက်ပါက ခန္ဓာကိုယ်ထဲမှ အသည်းမှ တစ်ဆင့် သွေးနီဥများဆီသွားကာ သွေးနီဥများကို ကြီးထွားအောင် ပြုလုပ်၍ ဖြိုခွဲလိုက်ပြီး ချမ်း ၊ တုန် ၊ ဖျား ရောဂါလက္ခဏာများ ဖြစ်လာကြောင်း သိရသည် ။

ယင်းရောဂါပိုးရှိသော သူများအနေဖြင့် စနစ်တကျ ဆေးထိုး ဆေးသောက်ခြင်း မရှိပါက လူ၏ ဦးနှောက်ထဲအထိ ၀င်ရောက်နိုင်ကာ အသက်သေဆုံးသည် အထိ ဖြစ်ပွားနိုင်ကြောင်း ပါမောက္ခ ဒေါက်တာဒေါ်မာမာကြည်က ပြောသည် ။

“ငှက်ဖျားလို့ သိရတာနဲ့ ၂၄ နာရီအတွင်းမှာ ပြသရမယ် ။ နောက် ငှက်ဖျားရောဂါ ပျောက်ဆေး ထိုးဆေး သောက်ဆေးတွေကို ဆေးအတုတွေ မဖြစ်စေဖို့အတွက် အရည်အသွေး ပြည့်မီတဲ့ ဆေးကိုသုံးသင့်တယ် ။ Myanmar Registration Number (MRN) ဆိုတဲ့ စာသားမပါရင် မသောက်သုံးသင့်ဘူး ။ အတုတွေ ဖြစ်နိုင်တယ် ။ နောက် ချမ်း ၊ တုန် ၊ ဖျားပြီး ဖြူဖတ်ဖြူရော် လက္ခဏာတွေဖြစ်ရင် ငှက်ဖျားကို စဉ်းစားရမယ် ။ သေချာတယ်ဆိုတာနဲ့ ဆရာဝန်နဲ့ သေချာကုသပါ ။ ဆေးကို စနစ်တကျ သောက်ပါ ။ တောနဲ့ နီးပြီးတော့ အမြင့်ပေ မီတာတစ်ထောင်အောက်မှာ ရှိတဲ့ဒေသတွေမှာ ဆိုရင်တော့ ငှက်ဖျားဖြစ်နိုင်တယ်” ဟု ယင်းက ဆက်လက်ပြောသည် ။

ငှက်ဖျားဖြစ်ပွားနိုင်သော ဧရိယာတွင် နေထိုင်သူများနှင့် တောထဲသို့ သွားရောက် အလုပ်လုပ်ကိုင်သူများက သတိပြုနေထိုင်သင့်ပြီး ညနေပိုင်းတွင် ငှက်ဖျားခြင်ကိုက်သည့်အတွက် ဆေးစိမ်ခြင်ထောင် ၊ အကျီင်္လက်ရှည် ၊ ဘောင်းဘီရှည်တို့ကို ၀တ်ဆင်သင့်ပြီး ဆေးပတ်လည်အောင် သောက်သုံးသင့်ကြောင်း သိရသည် ။

ယခင်က ငှက်ဖျားဖြစ်ပွားမှုနှုန်းမှာ အကြမ်းဖျင်းအားဖြင့် ၂၀၀၅ ခုနှစ်တွင် တစ်နှစ်ကို ခြောက်သိန်းကျော် ဖြစ်ပွားခဲ့ပြီး ၂၀၁၃ တွင် ငှက်ဖျားဖြစ်ပွားမှုနှုန်း လျော့နည်းလာကာ ယခုနောက်ပိုင်း တွင် နှစ်သိန်းကျော် လောက်သာ ဖြစ်ပွားမှုရှိတော့ကြောင်း၊ သေဆုံးမှုနှုန်း လည်း လျော့နည်းလာပြီး လက်ရှိတွင် ပြည်နယ်နှင့် တိုင်းကိုးခု မှ ဖြစ်ပွားနိုင်ခြေရှိသော မြို့နယ် ၇၂ ခုတွင် ပေါင်းစပ်ငှက်ဖျားဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။

သတင်း - သူရိယ
The Ladies News Journal

 

Vote: 
No votes yet

Add new comment