ကိုးကွယ်သည့် ဘာသာ၊ တိုင်းပြည် အတွက် အကောင်းဆုံး ဆောင်ရွက်မည် ဆိုသည်မှာ စိတ်ချမ်းသာမှု ပေးခြင်းဖြစ်ဟုဆို

မိမိ၏ကိုးကွယ်သည့် ဘာသာ၊ တိုင်းပြည် အတွက် အကောင်းဆုံး ဆောင်ရွက်မည် ဆိုတာ စိတ်ချမ်းသာမှု ပေးခြင်းဖြစ်ကြောင်း ၊နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဇူလိုင် ၂၀ ရက်တွင်ပြောသည်။
 
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူပွဲ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြား ခဲ့ခြင်းဖြစ်သည်။
 
“ ကင်းထောက် လှုပ်ရှားမှုရဲ့အခြေခံဟာ တစ်ယောက်နဲ့ တစ်ယောက်ကို စိတ်ချမ်းသာမှု ပေးခြင်းပဲဖြစ်ပါတယ်။ ကျွန်မတို့ ကတိ သစ္စာပြုလိုက်တဲ့ အခါမှာ ကိုယ်ရဲ့ ကိုယ်ကိုးကွယ်တဲ့ ဘာသာ၊ တိုင်းပြည် အတွက် အကောင်းဆုံး ဆောင်ရွက်မယ်ဆိုတာလည်း စိတ်ချမ်းသာမှုပေးခြင်း မျိုးပဲ။ ကိုယ်နဲ့ ကိုယ့်ဘာသာဝင်တွေ ၊ မတူညီတဲ့ ဘာသာဝင်တွေ ကိုယ့်ရဲ့ တိုင်းသူပြည်သားတွေကို စိတ်ချမ်းသာမှုပေးချင်လို့ ကျွန်မတို့ အကောင်းဆုံး လုပ်ဆောင်တယ်လို့ ကတိပြုတာပါ။ နောက်ပြီးတော့ ကျွန်မတို့ဟာ အချိန်မရွေး ကူညီမယ်ဆိုတာလည်း ဒါလည်း အများကို ကူညီတယ်ဆိုတာဟာ စိတ်ချမ်းသာမှု ပေးချင်လို့ ကူညီမယ်လို့ ကတိပြုတာဖြစ်ပါတယ်။ ” ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
 
ထို့အတူ ကင်းထောက်များ၏ ကျင့်ဝတ်ဆယ်ပါးဆိုသည်မှာ ကိုယ်နေသည့် ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်စေရန်ဆောက်တည် ထားသည့် ကျင့်ဝတ်များဖြစ်ကြောင်း၊ မိမိတို့လူငယ်များ လိုက်နာသွားမည်ဆိုရင် ကိုယ်က ကင်းထောက် မဟုတ်တော့သည့် အချိန်တွင် ယင်းစံနှုန်းစံထားများကို နှလုံးထဲတွင် ကျန်ရစ်ခဲ့မည် ဆိုပါက
 
မိမိတို့ နိုင်ငံအတွက် တင်မဟုတ်ပဲ၊ လူသား အားလုံးအတွက် အင်မတန်မှ အကျိုးပြုသည့် လုပ်ငန်းကြီးဟု မိမိအနေဖြင့် ပြောချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။
 
“ကျွန်မတို့ ကျင့်ဝတ် ဆယ်ပါးကလည်း ဒီလိုပဲ အများအကျိုး အတွက် ကောင်းဖို့ ဦးတည်တဲ့ အရာဖြစ်ပါတယ်။ ဥပမာ ဆိုလို့ရှိရင် ကျွန်မတို့ ကျင့်ဝတ်တစ်ခုထဲမှာ ဆိုရင် ယဉ်ကျေးရ သိမ်မွေ့ရမယ်ဆိုတာ ပါတယ်။ ယဉ်ကျေးသိမ်မွေ့ရမယ် ဆိုတာ ကျင့်ဝတ်တစ်ခုဆိုတာ အခု လူတော်တော်များများက နားမလည်တော့ဘူး။ တကယ်တော့ ဒါကျင့်ဝတ်တစ်ခုပါပဲ။ လူ့အသိုင်းအဝိုင်းမှာ အေးချမ်းဖို့၊ လူ့အသိုင်းအဝိုင်းမှာ တည်ငြိမ်ဖို့ ဆိုလို့ရှိရင် ယဉ်ကျေးသိမ်မွေ့ရတယ်။ တချို့တွေက ယဉ်ကျေးသိမ်မွေ့တာကို ခေတ်မရှိဘူး။ ရှေးဆန်တယ်လို့ထင်ကျတယ်။ အခုခေတ်က ခပ်ပြတ်ပြတ်၊ ခပ်မာမာ၊ ခပ်ရိုင်းရိုင်းလေး ဆက်ဆံတာကိုပဲ သိပ်ပြီးတော့ ခေတ်မီတယ်။ သိပ်ပြီးတော့ ဒီဟာက တက်ကြွတယ်လို့ ထင်ကျတယ်။ ဒါတက်ကြွတာ မဟုတ်ပါဘူး။ ရိုင်းတာက ရိုင်းတာပဲ။ တက်ကြွတာဟာ တက်ကြွတာပဲ။ မတူပါဘူး။” ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment