ဧပြီလ ၂၁ ရက်နေ့တွင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ၏ အိမ်ဖွင့်ပွဲပြုလုပ်မည်

နဂိုမူရင်းပုံစံအတိုင်း ပြန်လည် ဆောက်လုပ်ထားသည့် သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ အိမ်ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂၁ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း NAC တာဝန်ခံ ကိုရာဇာက The Ladies News သို့ပြောကြားသည်။
 
ဇန်န၀ါရီလအတွင်းက ဖြိုဖျက်ခံရပြီးသည့် နောက်တွင် မင်္ဂလာတောင်ညွှန့် မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ဦးစီးတည်ထောင်ထားသည့် NAC (NLD HIV/AIDS CENTER) ကလေးဂေဟာဝင်းအတွင်း၌ ဦးဝင်းတင်၏ နေအိမ်ကို နဂိုမူလအတိုင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကမကထပြုဦးဆောင်ကာ ပြန်လည် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
 
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ နေအိမ် ဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်မည်ဖြစ်ပြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများကိုလည်း ဖိတ်ကြားရန်ရှိသည်ဟု ကိုရာဇာက ပြောကြားသည်။
 
`၀န်ကြီးချုပ်က လာမှာ။ အဓိက ကမကထ လုပ်တာက သူပဲလေ။ ကျွန်တော်တို့ကတော့ ၀န်ကြီးချုပ်တင်မကဘူး။ သူ့ထက် အဆင့်မြင့်တဲ့ အစိုးရအဖွဲ့ဝင်တွေ ဖိတ်ချင်တာပေါ့။ အဓိကတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဖိတ်ချင်တယ်။ သူ အားမအားတော့ သူအခြေအနေပေါ်မှာ မူတည်သွားမှာပေါ့` ဟု ၄င်းက ပြောကြားသည်။
 
ဧပြီလ ၇ ရက်နေ့က ရန်ကုန်တိုင်းဝန်ကြီးချုပ် ၊ မြို့တော်ဝန်နှင့် လူမှုရေးဝန်ကြီး တို့သည် NAC ကလေးဂေဟာဝန်းအတွင်း၌ ဆောက်လုပ်ထားသည့် ဦးဝင်းတင် အိမ်အား လာရောက်ကြည့်ရှုပြီး လိုအပ်သည်များကို NAC တာဝန်ခံများ အလွတ် သဘော ဆွေးနွေးရာတွင် မြို့တော်ဝန်က ဦးဝင်းတင် ပြတိုက်ဟု သုံးနှုန်းမည့်အစား ဦးဝင်းတင်အိမ် (U Win Tin House) ဟု သုံးနှုန်းရန် အကြံပြုခဲ့သည်ဟု ဆိုသည်။
 
`၀န်ကြီးချုပ်ရယ်၊ မြို့တော်ဝန်ရယ်၊ လူမှုရေးဝန်ကြီးရယ် လာတယ်။ ကျွန်တော်တို့ ဒီအိမ်ကို ဦးဝင်းတင် ပြတိုက်ပေါ့။ ပြတိုက်ဆိုတာတော့ ကြီးကြီးကျယ်ကျယ် လုပ်ရမှာပေါ့လေ။ အဲဒီတော့ ဒါကို ပြတိုက် မဟုတ်ဘဲ Memorial house သဘောမျိုးအနေနဲ့ ဦးဝင်းတင်အိမ် လို့ပဲ ကျွန်တော်တို့ သတ်မှတ်လိုက်တယ်။ ဦးသန့် house ရှိသလိုမျိုးပေါ့။ အဲဒါမြို့တော်ဝန်က အကြံပေးတာ` ဟု ကိုရာဇာက ပြော ကြားသည်။
 
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အိမ် ဖွင့်ပွဲ အခမ်းအနား ပြုလုပ်မည့် ဧပြီလ ၂၁ ရက်နေ့သည် ဦးဝင်းတတင် ကွယ်လွန်သည့် ၅ နှစ်ပြည့် နေ့လည်းဖြစ်သည်။
 
အောင်ရဲနောင်
The Ladies News

 

Vote: 
No votes yet

Add new comment