ပဲခူးမြစ်ကူးတံတား ( ဒါးပိန်-သပြု ) ကို ၂၀၂၀ခုနှစ်၊ စက်တင်ဘာလအကုန်တွင် စတင်အသုံးပြုနိုင်မည်ဟုခန့်မှန်းထား

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတား တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀)မှ တည်ဆောက်မည့် ဆားတလင်း-ဒါးပိန်-ကျွဲကူးဆိပ်လမ်းနှင့် သပြု- ရှမ်းကံ-ကဝလမ်းအား ဆက်သွယ်မည့် ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု)ကို ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် စတင်အသုံးပြုနိုင်မည်ဟု ခန့်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
 
ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) တည်ဆောက်ရေး စီမံကိန်း ပန္နက်တော်တင် တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားကို ဧပြီ ၆ ရက်က ပြုလုပ်ခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က တံတားတည်ဆောက်ခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဝင်းသိန်းတို့က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ကြသည်။
 
ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ခွင့်ပြုရန်ပုံငွေ တို့ဖြင့် တည့်ဆောက်မည့် ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု ) စီမံကိန်းကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး ၊ တံတားအရှည်သည် (၁၀၅၀)ပေ၊ ယာဉ်သွားလမ်း(၂၈)ပေ၊ လူသွားလမ်း တစ်ဖက်လျှင် (၃)ပေ(၃)လက်မစီ ပါဝင်သည့် (၂)လမ်းသွား သံကူကွန်ကရစ် တံတား အမျိုးအစားဖြစ်ပြီး ခန့်မှန်းတန်ဖိုးငွေမှာ ကျပ် (၅,၅၀၀) သန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ တံတားသည် ပဲခူးတိုင်းဒေသကြီးတွင် သပြုမှတဆင့် ရှမ်းကံ-ကဝသို့ ဆက်သွယ်သည့် လမ်းပေါ်တွင် တည်ဆောက်မည့် တံတားဖြစ်ပြီး ကဝမြို့မှ ပဲခူးမြို့သို့ ကျိုက်ပဒိုင်-တာဝ-ဖလေးလမ်းမှတစ်ဆင့် တိုက်ရိုက်ရောက်ရှိမည့် လမ်း ဖြစ်ကြောင်း၊ ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) တည်ဆောက်ပြီးစီးပါက ပဲခူးတိုင်းဒေသကြီးရှိ အုန္နဲ၊ သက္ကလ၊ သနပ်ပင်မြို့များမှ ရန်ကုန်တိုင်းဒေသကြီးသို့ လွယ်ကူစွာသွားလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment