မြိုင်ကြီးငူဆရာတော်၏ ရုပ်ကလာပ်တော် မြ၀တီမြို့သို့ရောက်ရှိ ခေတ္တအပူဇော်ခံပြီး မြိုင်ကြီးငူသို့ ဆက်လက်ပင့်ဆောင်သွားမည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Bumrungrad International ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် မြိုင်ကြီးငူဆရာတော်ကြီး သည် အောက်တိုဘာလ ၁၃ ရက်နေ့ ညပိုင်း ထိုင်းစံတော်ချိန် ၉ နာရီ ၁၂ မိနစ်၊ မြန်မာစံတော်ချိန် ၈နာရီ ၄၂ မိနစ်အချိန်တွင် ပျံလွန်တော် မူခဲ့သည့်အတွက် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို ထိုင်းနိုင်ငံမှ ပင့်ဆောင်လာခဲ့ရာ အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ က မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတား မှတစ်ဆင့် မြ၀တီမြို့သို့ ရောက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
ထိုသို့ ရောက်ရှိလာရာ ဆရာတော်၊ သံဃာတော်များ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ မွန်တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီး ဦးမင်းတင်ဝင်း နှင့် ပအိုဝ့်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် တာဝန်ရှိသူများ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် ကရင်ပြည်နယ် နယ်ခြား စောင့်တပ် (BGF) တို့မှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ ဘာသာရေး အသင်းအဖွဲ့များက လာရောက်ပင့် ဆောင်ပူဇော်ကြပြီး ဆရာတော်၏ တပည့်ဒါယိကာ၊ ဒါယိကာမ များနှင့် ပြည်သူ အများအပြားလည်း လာရောက် ဖူမျှော်ကြည်ညိုကြသည်။
 
"မြိုင်ကြီးငူ ဆရာတော်ဆိုတာ မြိုင်ကြီးငူ ဒေသမှာရှိနေတဲ့ DKBA၊ ရွာသူရွာသားတွေ ကရင်လူမျိုးတွေ က သူတို့ရဲ့ ဘုရား တစ်ဆူလိုပါပဲ အရမ်းကြည်ညိုကြတာပါ၊ သူတို့စိတ်ကြိုက် အရင်ဖန်တီးပါစေ၊ ကျွန်တော်တို့ သူတို့နောက်က လိုက်ကူညီဖို့ အဆင့်သင့်ပါပဲ၊ ကျွန်တော်တို့ ၀န်ကြီး နှစ်ပါး ဒီမှာ လာကြိုပြီး ပင့်ဆောင်တာပါ၊ ဘားအံမှာ တော့ ၀န်ကြီးချုပ်နဲ့ အဖွဲ့က ပင့်ဆောင်ကြိုဆိုမှာပါ "ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့ မွန်တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီး ဦးမင်းတင်ဝင်းက ပြောသည်။
 
ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို သင်္ဃန်းညီနောင်ကျေးရွာရှိ ဗုဒ္ဓသုခကျောင်းတွင် ခေတ္တအပူဇော်ခံမည် ဖြစ်ပြီး မြိုင်ကြီးငူ ဒေသသို့ ဆက်လက်ပင့်ဆောင်သွားမည်ဖြစ်သည်။ မြိုင်ကြီးငူဆရာတော်၏ ဘွဲ့တော်မှာ ဘဒ္ဒန္တသုဇနဖြစ်ပြီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ နို့ထရွာဇာတိ ဖြစ်ကာ စကောကရင် လူမျိုးဖြစ်သည်။ ပျံလွန်တော် မူချိန်တွင် သက်တော် ၇၁ နှစ် သိက္ခာတော် ၅၁ ဝါရှိပြီး ကရင်ပြည်နယ် အတွင်း၌ ငြိမ်းချမ်းရေးရရှိရေး ကြိုးပမ်းဆောင် ရွက်ခဲ့သည့်အပြင် သာသနာပြုလုပ်ငန်းများ အများအပြား လုပ်ကိုင်ခဲ့သည့်အတွက် ဆရာတော် ကြီးမှာ အနယ်နယ်အရပ်ရပ်ရှိ ဒါယိကာ၊ ဒါယိကာ မ အများအပြား၏ ကြည်ညိုခြင်းခံရသည့် ဆရာတော် တစ်ပါးလည်း ဖြစ်သည်။
 
Credit - MOI
The Ladies News

 

Vote: 
No votes yet

Add new comment