နည်းပြသစ် ဆာရီလက်ထက်မှာ နိုင်ပွဲဆက်နေဆဲ ဖြစ်တဲ့ ချဲလ်ဆီး (နယူးကာဆယ်လ် ၁ -၂ ချဲလ်ဆီး)

ပရီးမီးယားလိဂ် ပွဲစဉ်ကောင်းတစ်ပွဲဖြစ်တဲ့ ချဲလ်ဆီးအသင်း နဲ့ နယူးကာဆယ်လ်အသင်းတို့ရဲ့ ပွဲစဉ်ကိုတော့ မနေ့ကညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး နည်းပြသစ်ဆာရီရဲ့ ချဲလ်ဆီးအသင်းဟာ နယူးကာဆယ်လ် အသင်းကို အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
 
အိမ်ရှင် နယူးကာဆယ်လ်အသင်းဟာ ၃-၄-၃ ပုံစံနဲ့ ခင်းကျင်းလာခဲ့ပြီး ဂိုးသမားနေရာမှာတော့ ဒူဘရတ်ဗ်ကာ ကို ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ ခံစစ်ပိုင်းမှာတော့ ရှား၊ ဖာနန်ဒက်စ်၊ ကလပ်ခ် တို့ကို နေရာယူစေခဲ့ပြီး ကွင်းလယ်မှာတော့ ကီဆောင်ယောင်း၊ ဒီယာမီ၊ ဒန်းမတ်၊ ယတ်ဒ်လင် တို့ကို တွဲဖက်စေခဲ့ကာ တိုက်စစ်ပိုင်းကိုတော့ ရစ်ချီ၊ မာဖိ နဲ့ ဆော်လ်မွန် ရွန်ဒွန်တို့ကို ဦးဆောင်စေခဲ့ပါတယ်။
 
ချဲလ်ဆီးအသင်းကတော့ ၄ - ၃ - ၃ ကစားပုံကို ခင်းကျင်းသွားခဲ့ပြီး ဂိုးသမားနေရာမှာတော့ ပြီးခဲ့တဲ့ ရာသီကမှ အသစ်ခေါ်ယူထားတဲ့ လူငယ်ဂိုးသမား ကီပါကို ထည့်သွင်းအသုံးပြုခဲ့ပြီး ခံစစ်ပိုင်းမှာတော့ ကွီတာ၊ လူးဝဇ်၊ အလွန်ဆို၊ ရူဒီဂါအစရှိတဲ့ အဓိက ကစားသမားတွေကို နေရာယူစေခဲ့ပါတယ်။ ကွင်းလယ်ပိုင်းမှာတော့ ကန်တီ၊ ဂျော်ဂျင်ဟို၊ ကိုဗာဆစ်၊ တို့ကို တွဲဖက်စေခဲ့ပြီး တိုက်စစ်ပိုင်းကိုတော့ ဟာဇက်၊ ပတ်ဒရို နဲ့ မိုရာတာတို့ကို ဦးဆောင်စေခဲ့ပါတယ်။
 
ပွဲကစားချိန်စတင်တာနဲ့ တစ်ပြိုင်နက် ချဲလ်ဆီးတို့ဟာ လျှင်မြန်တဲ့ တိုက်စစ်ကို ပုံဖော်နိုင်ခဲ့ပြီး နယူးကာဆယ် အသင်းကတော့ ၄င်းတို့ရဲ့ လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်ကို အသုံးပြုနေခဲ့ပါတယ်။ ပွဲကစားချိန် ၁၆ မိနစ်မှာ ထောင့်ကန်ဘောက ရရှိလာတဲ့ ဘောလုံးကို ရူဒီဂါ ပိတ်သွင်းခွင့်ရရှိခဲ့ပေမယ့် ဂိုးဘားတန်းပေါ် ကျော်တက်ခဲ့သလို ၊ ပွဲကစားချိန် ၂၃ မိနစ်မှာလည်း ဟာဇက်ရဲ့ ဝှေ့ဝိုက်ကန်ချက်ဟာ ဂိုးဘေးက ထွက်သွားခဲ့လို့ ချဲလ်ဆီးတို့ ဦးဆောင်ဂိုးအတွက် နစ်နာခဲ့ရပါတယ်။ လက်ကျန်မိနစ်တွေမှာလည်း ချဲလ်ဆီးတို့ကသာ ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး နယူးကာဆယ်လ် အသင်းဘက်ကို ဖိအားပေးမှုတွေပြုလုပ်နိုင်ခဲ့ပေမယ့် တိုက်စစ်မှူးတွေ အဆုံးသတ်ပိုင်းမှာ အားနည်းနေခဲ့တာကြောင့် ပထမပိုင်းပြီးဆုံးတဲ့ အခါမှာတော့ ဂိုးမရှိ သရေရလဒ်သာထွက်ပေါ်နေခဲ့ပါတယ်။
 
ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးကပဲ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ဦးဆောင်ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၄၉ မိနစ်မှာ ပတ်ဒရို ဖန်တီးပေးတဲ့ ဘောလုံးကို ကွီတာ အပိုင်ကန်သွင်းခဲ့ပေမယ့် ကန်ချက်ပျော့ခဲ့လို့ ချဲလ်ဆီးတို့ ဦးဆောင်ဂိုး ၁ ဂိုး ထပ်မံနစ်နာခဲ့ရပြန်ပါတယ်။ ပွဲကစားချိန် ၅၅ မိနစ်မှာလည်း ပတ်ဒရိုချပေးတဲ့ ဘောလုံးကို မိုရာတာ အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးအထုတ်များခဲ့တာကြောင့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။
 
ပွဲကစာချိန် ၇၆ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ နယူးကာဆယ်နောက်တန်း ဖေဘီယန်ရှားဟာ အလွန်ဆိုကို ဂိုးဧရိယာအတွင်းဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ပင်န်နယ်တီ ရရှိခဲ့တာဖြစ်ပြီး ဟာဇက်က အမှားအယွင်းမရှိ သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဂိုးပေးရပြီးနောက်မှာတော့ နယူးကာဆယ်တို့ဟာ အချိတ်အဆက်မိမိပြန်လည်တိုက်စစ်ဆင်နိုင်ခဲ့ပြီး ပွဲကစားချိန် ၈၂ မိနစ်မှာတော့ လူစားဝင်ရောက်လာခဲ့တဲ့ တိုက်စစ်မှူး ဂျိုဆေးလူက ခြေပဂိုးပြန်လည်သွင်းယူသွားနိုင်ခဲ့ပါတယ်။ ဂိုးရရှိပြီးနောက်ပိုင်းမှာတော့ နယူးကာဆယ်တို့ဟာ သရရလဒ်ကိုသာ ဦးတည်သွားခဲ့ပြီး ခံစစ်ကို အသားပေးကစားခဲ့ပါတယ်။ သို့သော်လည်း ဟာဇက်ဟာ နယူးကာဆယ် နောက်တန်းကို တော်တော်အလုပ်ရှုပ်စေခဲ့ပြီး ပွဲကစားချိန် ၈၇ မိနစ်မှာတော့ ချဲလ်ဆီးတို့ အနိုင်ဂိုးကို ထပ်မံရရှိသွားခဲ့ပါတယ်။ ဒီဂိုးဟာတော့ ၀ီလီယံရဲ့ ဖြတ်တင်ပေးပို့မှုကို အလွန်ဆို ပိတ်သွင်းရာမှာ နောက်ခံလူ ယဒ်လင် နဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။
 
လက်ကျန်မိနစ်တွေမှာတော့ ၂ ဖက်အသင်းဟာ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေပြုလုပ်နိုင်ခဲ့ခြင်းမရှိတော့ဘဲ ပွဲကစားချိန်ပြီးဆုံးတဲ့အခါမှာတော့ ချဲလ်ဆီးတို့ဟာ အဝေးကွင်းမှာ နယူးကာဆယ်လ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ အမှတ်ပေးဖလားအတွက် အဖိုးတန် ၃ မှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်ဟာ နည်းပြသစ်ဆာရီလက်အောက်မှာ ၄င်းတို့ရဲ့ ၃ ပွဲဆက်နိုင်ပွဲလည်းဖြစ်ခဲ့ပြီး လက်ရှိအမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းကို အဆင့် ၂ နေရာကနေ ဖိအားပေးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment