ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပါတီမှ ပြန်ကြားရေးသင်တန်းများ ပေးမည်

ကြားဖြတ်ရွေးကောက်ပွဲအတွက် အကြိုပြင်ဆင်သည့်အနေဖြင့် ယခုလကုန်ပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်သည့် မြို့နယ်များမှ NLD ပါတီဝင်များကို ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ပြန်ကြားရေး သင်တန်းများကို ပို့ချမည်ဟု NLD ဗဟိုပြန်ကြားရေးမှ အတွင်းရေးမှူးဖြစ်သူ မုံရွာအောင်ရှင် က The Ladies News သို့ ပြောကြားသည်။
 
ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်ခဲ့သော ဗဟိုပြန်ကြားရေးကော်မတီ၏ လစဉ်အစည်းအဝေးတွင် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများကို ဆွေးနွေးရာတွင် ပြန်ကြားရေးသင်တန်း ပို့ချမည့်ကိစ္စကို ထည့်သွင်းဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
 
`ဒီလ ၂၈၊ ၂၉၊ ၃၀ အဲဒီသုံးရက်ကို လာမယ့် ကြားဖြတ်ရွေးကေက်ပွဲမှာ ပါဝင်မယ့်မြို့နယ်တွေကို ပြန်ကြားရေး သင်တန်းတွေပေးမယ်။ ရန်ကုန်ကိုခေါ်ပြီးတော့ ပြန်ကြားရေးနဲ့ ဆိုင်တဲ့ သင်တန်းတွေပေးမယ်။ ကြားဖြတ်ရွေးကောက်ပွဲ မှာပါတဲ့ မြို့နယ်တွေက ပြန်ကြားရေးမှူးတွေ ခေါ်ပြီးတော့ သင်တန်းပေးမယ်`ဟု မုံရွာအောင်ရှင်က ပြောကြားသည်။
 
NLD ပါတီသည် လာမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်မည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနေရာ ၁၃ နေရာစလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်သည်။
 
ယခုအစည်းအဝေးတွင် ကြားဖြတ်ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကိုသာ အဓိကထား ဆွေးနွေးခဲ့ကြပြီး မဲဆွယ် စည်းရုံးရေးမှူးများကို ဗဟိုမှ တိုက်ရိုက်စေလွှတ်မည် ဖြစ်ကြောင်း ကိုလည်း မုံရွာအောင်ရှင်က ဆက်လက်ပြောကြားသည်။
 
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှလည်း ၂၀၁၈၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်များကို စက်တင်ဘာလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ မဲဆွယ်စည်းရုံးနိုင်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာထားသည်။
 
လစ်လပ်မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်တွင် ကန်ပက်လက်၊ လဲချာ၊ တာမွေ၊ မြင်ခြံ။ အမျိုးသား လွှတ်တော်တွင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)။ တိုင်းဒေသကြီးနှင့် ပြည်နယ် မဲဆန္ဒနယ်တို့တွင် မတူပီ (၁)၊ တမူး (၂)၊ အုတ်တွင်း (၁)၊ မင်းဘူး (၂)၊ သပိတ်ကျင်း (၁)၊ ရသေ့တောင် (၂)၊ ဆိပ်ကမ်း (၂) နှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့ ဖြစ်သည်။
 
အဆိုပါ လစ်လပ်နေရာများတွင် ကိုယ်စားလှယ်လောင်း ၆၉ ဦး ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment