အမှုရင်ဆိုင်နေရသည့် ဒေးဒရဲမြို့မှ ကျောင်းဆရာအား သင်ကြားခွင့်နှင့် လစာခံစားခွင့်ရပ်ဆိုင်းထား

အမှုရင်ဆိုင်နေရသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့၊ လေးကျေးရွာ မှ အလယ်တန်းပြကျောင်းဆရာ ဦးမြင့်သိန်းအား ပညာရေးဝန်ကြီးဌာနက သင်ကြားခွင့်နှင့် လစာခံစားခွင့်ကို ရပ်ဆိုင်းထားကြောင်း ကာယကံရှင် ဖြစ်သူ ကျောင်းဆရာဦးမြင့်သိန်းက The Ladies News သို့ပြောကြား သည်။
 
`ရပ်ဆိုင်းတဲ့သတင်းတော့ မြို့နယ်ပညာရေးမှူးရုံးကနေ သိရတယ်။ အမှုအခင်းဖြစ်နေတဲ့ အချိန်အခါမှာ လစာနဲ့ သင်ကြားရေးကို ခေတ္တ ရပ်ဆိုင်းထားတယ်၊ ပြီးပြတ်ရင်တော့ ပြန်ပြီးလုပ်ရမယ်ဆိုပြီးတော့  ဆရာမကြီးက ပြောတာ။ သင်ကြားရေးဆိုရင်လည်း ဒီနေ့မနက်ပဲ ကလေးတွေက ကျွန်တော့် အချိန်ကြတော့ လာပြီးတော့ခေါ်တယ်။ ဆရာကြီး အချိန်ရောက်ပြီဆိုတော့ ကျွန်တော်လည်း စိတ်မကောင်းဘူး၊ သင်ကြားရေး ခဏရပ်ဆိုင်း ထားတယ်လို့ ပြောလိုက်တယ်` ဟု ဆရာဦးမြင့်သိန်းက ပြောကြားသည်။
 
ပညာဝန်းထမ်းတစ်ဦးဖြစ်ခြင်းကြောင့် ယခုလို သင်ကြားရေး ရပ်ဆိုင်း ထားခြင်းမှာ ဂုဏ်သိက္ခာအရ ထိခိုက်ပြီး လစာငွေဖြင့် ရပ်တည်နေထိုင် နေရသည့် ၀န်ထမ်းတစ်ဦးအား လစာရပ်ဆိုင်းထားသောကြောင့် စီးပွားရေးအရလည်း ထိခိုက်မှုရှိသည်ဟု ဆရာဦးမြင့်သိန်းက ပြောကြားသည်။
 
ဒေးဒရဲမြို့နယ်မှ လက်ထောက်ပညာရေးမှူး ဦးကျော်ဦး ကတော့ ဆရာဦးမြင့်သိန်းအား သင်ကြားရေးနှင့် လစာရပ်ဆိုင်းထားခြင်း မရှိသေးကြောင်းနှင့် ယင်းကိစ္စအား တိုင်းပညာသို့ တင်ထားဆဲဖြစ်ပြီး တိုင်းမှ ညွန်ကြားသည့် အမိန့်မထွက်သေးကြောင်း The Ladies News သို့ ပြောကြားသည်။
 
`အလယ်တန်းပြက မြို့နယ်လုပ်ပိုင်ခွင့် မဟုတ်ဘူး၊ တိုင်းတို့ ခရိုင်တို့ လုပ်ပိုင်ခွင့်ဆိုတော့ လမ်းညွှန်မှုပေးပါဆိုပြီးတော့ တင်ထားတယ်။ သောကြာနေ့မှာ တင်တာဆိုတာ့ ဒီနေ့အထိ အမိန့်မထွက်သေးဘူး။ အဲဒီရဲ့စာရမှပဲ ကျွန်တော်တို့က သူတို့ခိုင်းတဲ့အတိုင်း လုပ်ရမှာ။ အခုလောလောဆယ်တော့ ထူးထူးခြားခြား တစ်စုံတစ်ရာတော့ ကျွန်တော်တို့ မလုပ်ရသေးပါဘူး` ဟု လက်ထောက်ပညာရေးမှူး ဦးကျော်ဦးက ပြောကြားသည်။
 
လေးကျေးရွာမှ အလယ်တန်းပြဆရာ ဦမြင့်သိန်းအား ကျောင်းနှင့် ဆက်စပ်သည့် မြေနေရာကို ကျောင်းပိုင်မြေအဖြစ် ၄င်းပိုင်မြေမဟုတ်ပဲ ၄င်းလုပ်ပိုင်ခွင့် မြေနေရာများအဖြစ် ကျောင်းအတွက် လှူဒါန်းပြီး လ/န ၃၉ လိမ်လည် လျှောက်ထားသည် ဆိုကာ ဦးခင်လတ်မှ ကျုံဒါနယ်မြေ ရဲစခန်းတွင် တိုင်းတန်းအမှုဖွင့်ခဲ့သည်။
 
အဆိုပါအမှုဖွင့်ဆိုမှုနှင့် ပတ်သက်ပြီး ဆရာဦးမြင့်သိန်းအား သြဂုတ်လ ၂ ရက်နေ့တွင် ပုဒ်မ ၄၂၀/၄၈၆ ဖြင့် ဖမ်းဆီးချုပ်နှောင်ခဲ့သည်။
 
ဆရားဦးမြင့်သိန်းအား လ/န ၃၉ လိမ်လည် လျှောက်ထားသည်ဟုဆိုကာ ဖမ်းဆီးထားခြင်းကို မကျေနပ်သည့် အတွက် သြဂုတ်လ ၁၂ ရက်နေ့ တွင် ဒေးဒရဲ၊ ဖျာပုံနှင့် ကျိုက်လတ်မြို့များမှ ဆရာ၊ဆရာမ ၁၀၀ ကျော်၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘ ၄၀၀ ကျော်တို့က ဒေးဒရဲမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
 
အဆိုပါအမှုနှင့် ပတ်သက်ပြီး သြဂုတ်လ ၁၃ ရက်နေ့က ဒေးဒရဲမြို့နယ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ် စစ်ဆေးရာ၌ တရားရုံးက အလယ်တန်းပြ ဆရာဦးမြင့်သိန်းနှင့် ကျောင်းအကျိုးတော်ဆောင် ဦးခင်စိန်တို့ကို ငွေကျပ် သိန်း (၁၂၀၀) ဖြင့် အချုပ်လွတ် အာမခံပေးခဲ့ သည်။
 
ယင်းအမှုအား ဆက်လက်စစ်ဆေးရန် ဒေးဒရဲမြို့နယ် တရားသူကြီးမှ သြဂုတ်လ ၂၈ ရက်နေ့သို့ ထပ်မံချိန်းဆိုထားသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment