အီရန်ကိုအနိုင်ရရှိပါက နောက်တစ်ဆင့်ကို တက်ရောက်နိုင်မယ့် မြန်မာအသင်း

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာရှအားကစား ဘောလုံးပြိုင်ပွဲတွေကို ယနေ့မှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး မြန်မာအသင်းနဲ့ အီရန်အသင်းတို့ရဲ့ ပွဲစဉ်ကိုတော့ မြန်မာစံတော်ချိန် ၃း၃၀ မှာ ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။
 
အုပ်စု ပွဲစဉ် ၂ ပွဲကစားအပြီးမှာ မြန်မာအသင်းနဲ့ မြောက်ကိုရီးယား အသင်းဟာ သရေရမှတ် ၁ မှတ်ကိုသာ ရယူထားနိုင်ပြီး အာရှအင်အားကြီး အသင်းတွေဖြစ်တဲ့ အီရန်၊ ဆော်ဒီ တို့ကတော့ တစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်နဲ့ ရမှတ် ၄ မှတ်အထိ ပိုင်ဆိုင် ထားနိုင်ကြတာကြောင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် အခြေအနေကောင်းတွေ ပိုင်ဆိုင်ထားနိုင်တာလည်း ဖြစ်ပါတယ်။
 
မြန်မာအသင်းဟာ လက်ရှိအချိန်မှာ ရဂိုး ၁ ဂိုးသာရရှိထားပြီး ပေးဂိုး ၃ ဂိုးအထိရှိနေတာကြောင့် ဂိုးကွာခြားချက်အရ နှိုင်းယှဉ်ကြည့်မယ်ဆို လျှင်လည်း နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး တော်တော်ကို နည်းပါးနေပါတယ်။
 
သို့သော် မြန်မာအသင်းဟာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးတစ်ရပ်ကို ပိုင်ဆိုင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ အကောင်းဆုံး တတိယ လေးသင်းဟာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မယ့် အခွင့်အရေးတစ်ရပ် ရှိနေသေးလို့ပါပဲ။ ယခုလက်ရှိ အချိန်ထိ အကောင်းဆုံး တတိယ အသင်းရပ်တည်မှုမှာ အိမ်ရှင် အင်ဒိုနီးရှားနဲ့ ယူအေအီး အသင်းတွေကတော့ ရမှတ် ၃ မှတ်စီနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး နောက်ထပ် ကျန်ရှိနေသေးတဲ့ ၂ နေရာစာကိုတော့ မြန်မာအသင်းဟာ၊ ပါကစ္စတန်၊ ကာဂျစ္စတန်၊ ထိုင်း၊ မြောက်ကိုရီးယား အသင်းတွေနဲ့ အပြိုင် ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။
 
ဒါ့ကြောင့် မြန်မာအသင်းအနေနဲ့ ယနေ့ မြန်မာစံတော်ချိန် ၃း၃၀ မှာ ယှဉ်ပြိုင်ကစားမယ့် အီရန်အသင်းနဲ့ ပွဲစဉ်မှာသာ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါက အကောင်းဆုံး တတိယနေရာကနေတစ်ဆင့် အာရှအားကစား ဘောလုံးပြိုင်ပွဲ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိနေသေးတာဖြစ်ပါတယ်။
 
အကောင်းဆုံး တတိယအသင်းကို ရမှတ်၊ ဂိုးကွာခြားချက်၊ ရဂိုး၊ စည်းကမ်းပိုင်းဆိုင်ရာ ရမှတ်တွေနဲ့ ဆုံးဖြတ်သွားမှာဖြစ်ပြီး တူညီနေပါက နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့အတွက်ကို မဲနှိုက် ဆုံးဖြတ်သွား မှာလည်း ဖြစ်ပါတယ်။
 
အီရန်အသင်းဟာ အုပ်စုပွဲစဉ် ၂ ပွဲကစားအပြီးမှာ ပေးဂိုးလုံးဝမရှိအောင် စွမ်းဆောင်ထားနိုင်တာကြောင့် ယနေ့ပွဲစဉ်မှာ မြန်မာအသင်းအနေနဲ့ လိုအပ်နေတဲ့ ဂိုးတွေကို ပြန်လည်ရှာဖွေပြီး တတိယလေးသင်းမှာ ပါဝင်လာနိုင်လား ဆိုတာကို တော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ကြ ရတော့မှာ ဖြစ်ပါတယ်။
 
Photo - MFF
The Ladies News
 

 

Vote: 
No votes yet

Add new comment