မာရှယ်ရဲ့ အနာဂတ်နဲ့ပတ်သတ်ပြီး မန်ယူနည်းပြမော်ရင်ဟို ထုတ်ဖော်ပြောဆို

မန်ယူအသင်းရဲ့နည်းပြကြီး မော်ရင်ဟိုက လက်ရှိအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုခံနေရတဲ့ ၄င်းရဲ့ တောင်ပံကစားသမား အန်တိုနီယိုမာရှယ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အဆိုပါကစားသမားဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ အာမခံချက်ရှိမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
 
အဆိုပါ ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက နည်းပြမော်ရင်ဟို လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံး နေခဲ့တာကြောင့် ကစားသမားရဲ့အေးဂျင့်ဖြစ်သူက မာရှယ်ဟာ မန်ယူအသင်းမှာ မပျော်မရွှင် ဖြစ်နေပြီး ယခုနွေရာသီမှာ အိုးထရက်ဒ်ဖို့ကနေ ထွက်ခွာဖို့ များနေပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ဆိုထားဖူးပါတယ်။
 
ယခုလက်ရှိအချိန်မှာတော့ မာရှယ်ဟာ အနာဂတ်အတွက် ကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ပိုင်ဆိုင်ထားပြီး
ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် အနားပေးထားတဲ့ အသင်းရဲ့အားထားရတဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ လူကာကူ၊ ပေါ့ဂ်ဘာ၊ လင်ဂတ် နဲ့ ရပ်ဖို့ဒ် တို့ဟာ ခြေစမ်းပွဲစဉ်တွေကို ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိတာကြောင့် ခြေစမ်းပွဲတွေကို
၎င်းဟာ ပါဝင်ကစားခွင့် ရရှိမှာဖြစ်ပြီး အဆိုပါပွဲစဉ်တွေမှာသာ နည်းပြသဘောကျအောင် အကောင်းဆုံး စွမ်းဆောင်ပြနိုင်ပါက ၄င်းရဲ့အနာဂတ်ဟာ တိုးတက်ကောင်းမွန်လာဖို့ ရှိနေပါတယ်။
 
ပြီးခဲ့တဲ့ ဆန်ဟိုဆေးအသင်းကို သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲအပြီးမှာတော့ မာရှယ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မော်ရင်ဟိုက “သူနဲ့ သူ့အေးဂျင့် ဘာတွေလုပ်နေတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့ဟာ အခု ဆန်ဟိုဆေးကို ရောက်နေတာပါ။ ဒါပြီးရင် လော့စ်အိန်ဂျလိစ်ကို ပြန်ပြီး လေ့ကျင့်ရပါဦးမယ်။ လောကမှာ ကိုယ်ဖြစ်ချင်တာတွေပဲ လုပ်နေလို့ မရပါဘူး။ ကျွန်တော် ဥပမာအနေနဲ့ ပြောရရင် ကျွန်တော် LA မှာပဲ နေပြီး ကစားရမယ့် ပွဲ ၅ ပွဲစလုံးကို LA မှာပဲ ကစားချင်တယ်။ ဟိုတယ်လည်း မပြောင်းဘူး။ ခရီးတွေလည်း မသွားချင်ပါဘူး။ ပြီးရင် မန်ချက်စတာမြို့ကို ပြန်မယ်။ နောက်ပြီး လက်စတာစီးတီးအသင်းနဲ့လည်း သောကြာနေ့မှာ မကစားပဲ တနင်္ဂနွေနေ့မှ ကစားမယ်။ ဒီလိုဖြစ်ချင်တာပါ။ ဒါပေမယ့် လက်စတာနဲ့ ကျွန်တော်တို့ အသင်းဟာ သောကြာနေ့မှာ ကစားမှကို ဖြစ်မှာပါ။ ကျွန်တော်ပြောချင်တာ ကိုယ်လုပ်ချင်တာချည်းပဲ လုပ်နေလို့မရပါဘူး။ နောက်ပြီး ဘ၀ဆိုတာ ဖြစ်ချင်တိုင်း ဖြစ်နေရမယ်လို့တော့ ပုံသေသတ်မှတ်ထားတာ မရှိပါဘူး” လို့ မာရှယ်နဲ့ ပတ်သက်ပြီး မော်ရင်ဟိုက ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။
 
ဒါ့အပြင် ပွဲကြို ၂ ပွဲကစားပြီး သရေရလဒ်သာ ထွက်ပေါ်နေခဲ့တဲ့ အသင်းရဲ့ ရာသီကြိုပြင်ဆင်မှုနဲ့ ပတ်သက်ပြီး တော့လည်း မော်ရင်ဟိုက “ ဒီရာသီကြို ပြင်ဆင်မှုတွေကတော့ ကျွန်တော့်အတွက် တကယ်ကို ထူးဆန်းတယ်လို့ ဆိုရမှာပါ။ ရာသီကြိုပြင်ဆင်ရခြင်းရဲ့ ရည်ရွယ်ချက်က ကစားသမား အသစ်တွေနဲ့ အဟောင်းတွေကို အသင်းမှာ အထိုင်ကျစေဖို့နဲ့ အသင်းအတွက်လည်း တစ်ရာသီလုံး စိတ်ခွန်အားအပြည့်နဲ့ ကြိုးစားချင်စိတ်တွေ ဖြစ်လာအောင် လေ့ကျင့်မှုပြုလုပ်ရတာပါ။ အခု ကျွန်တော့်အသင်းမှာ အားထားရတဲ့ ကစားသမားတွေ ရှိမနေပါဘူး။ ဒါဟာ တကယ်ပဲ ကျွန်တော့်အတွက် ထူးဆန်းလွန်းနေပါတယ်။ ဒါကြောင့် ကျွန်တော်ရှိတဲ့ လူတွေနဲ့ပဲ အဆင်ပြေအောင် လေ့ကျင့်နေရတာပါ။ ကျွန်တော့် ဆန္ဒကတော့ လူငယ်တွေနဲ့ ကစားသမားသစ်တွေကို မိနစ်ကြာကြာ ပါဝင်ကစား စေမယ်။ ပြီးတော့ သူတို့တိုးတက်လာဖို့အတွက် အကောင်းဆုံး အကြံဥာဏ်တွေပေးသွားမယ်” လို့ ထပ်မံထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment