ဗိုလ်ချုပ်ကြေးရုပ်ထားရှိခြင်းကို ကန့်ကွက်သူ များပြား၊ ကယားပြည်နယ်အား သီးခြားလွတ်လပ်သည့် ကရင်နီပြည်နယ်အဖြစ်သာ လက်ခံသည့် အတွက်ကြောင့်ဟု ၀န်ကြီးချုပ်ပြော

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ဗိုလ်ချုပ်ကြေးရုပ် ထားခြင်းကို ကန့်ကွက်ကြသည့် အဖွဲ့အစည်းများသည် ကယားပြည်နယ်အား သီးခြားလွတ်လပ်သည့် ကရင်နီပြည်နယ် အဖြစ်သာ လက်ခံသည့် အတွက်ကြောင့်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုးက ပြောကြားလိုက်သည်။
 
ယနေ့ (ဇူလိုင်လ ၂၃) ရက်တွင် ပြုလုပ်သော သတင်းစာရှင်လင်းပွဲတွင် သတင်းထောက်တစ်ဦး ၏ ဗိုလ်ချုပ်ကြေးရုပ် ထားရှိခြင်းကို ဘာကြောင့် သဘောမတူရသနည်းဆိုသည့် မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
 
`လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေပေါ်မှာပဲ မှီတည်ပြီးမှ သုံးသပ်ပြောရမယ်ဆိုရင် ကန့်ကွက်နေတဲ့ အဖွဲ့တွေက ကယားပြည် နယ်ကို သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်နယ်အဖြစ်သာ လက်ခံနေတဲ့ အတွက်ကြောင့်လို့ပဲ သုံးသပ်ချင်ပါတယ်` ဟု ၀န်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုး က ပြောကြားသည်။
 
ဆက်လက်ပြီး ၀န်ကြီးချုပ်က ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှာ ရှိသည့် ပြည်နယ်တစ်ခု ဖြစ်သည့်အတွက်ကြောင့် ပြည်ထောင်စုအသွင် ပြည်ထောင်စုအမြင်များဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည်ဆိုပါက သဘောမတူနိုင်သည့် အကြောင်းအရင်းကို ချိန်ထိုးပြီး အဖြေထုတ်နိုင် မည်ဟု ယုံကြည်ကြောင်းကိုလည်း ထည့်သွင်းပြောကြား သည်။
 
`သဘောမတူတဲ့ အကြောင်းအရာတစ်ခုက ကရင်နီအဖြစ် သီးခြားလွတ်လပ်တဲ့ ပြည်နယ်အဖြစ် သူတို့လက်ခံတယ်၊ အဲဒီတော့ သူတို့ ပြည်ထောင်စုစိတ်ဓာတ်တွေ၊ ပြည်ထောင်စုအမြင်တွေ ရှိလာတဲ့အခါကြရင် အဲဒီကဏ္ဍတွေ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အားတွေ ပိုကောင်းသွားမယ်လို့ ကျွန်တော်မြင်ပါတယ်` ဟု ၀န်ကြီးချုပ်က ပြောကြားသည်။
 
ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်းကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်သလို ကန့်ကွက်သည့် သူများကလည်း မနက်ဖြန် (ဇူလိုင်လ ၂၄) တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment