သာကေတတွင် Taxi ငှားစီးပြီးနောက် လုယက်မောင်းနှင်ထွက်ပြေးသွားသူများကို ဖမ်းဆီးရမိ အရေးယူဆောင်ရွက်လျက်ရှိ

သာကေတတွင် Taxi ငှားစီးပြီးနောက် လုယက်မောင်းနှင်ထွက်ပြေးသွားသူများကို ဖမ်းဆီးရမိ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
 
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၁ ရက်နေ့ ည ၂၃း၃၀ နာရီအချိန်တွင် သာကေတမြို့နယ်နေ ဦးအောင်ကိုကိုဦးသည် ၎င်းမောင်းနှင်သည် EE---- FIELDER အဖြူရောင် အငှားယာဉ်အား လှည်းတန်းသုခမှတ်တိုင်ဘက်မှ အင်းစိန်မြို့နယ်ဘက်သို့ မောင်းနှင်လာစဉ် ဘာတာ မှတ်တိုင်အနီးအရောက် အသက်(၂၀)နှစ်ခန့်ရှိ ဂျင်းဘောင်ဘီ ၀တ်ဆင်ထားသူ လူငယ်နှစ်ဦးမှ အင်းစိန် အောင်ဆန်းဈေးသို့ ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ပေးစဉ် လူငယ်နှစ်ဦးအနက် တီရှပ်အနီ ၀တ်ဆင်ထားသူမှ ယာဉ်၏နောက်ခန်းတွင် ထိုင်ပြီး တီရှပ်အ၀ါရောင် ၀တ်ဆင်ထားသူမှ ယာဉ်၏ရှေ့ခန်းတွင်ထိုင်၍ လိုက်ပါလာခဲ့ရာ အောက် မင်္ဂလာဒုံလမ်းမကြီး အောင်ဆန်းဈေးမရောက်မီ ယာဉ်၏နောက်ခန်းတွင် လိုက်ပါလာသူမှ ၎င်းအားသိုင်းဖက်၍ ဓားဖြင့်ထောက်ကာ ကျန်တစ်ဦးမှလည်း နံကြားအားဓားဖြင့်ထောက်၍ ယာဉ်ပေါ်မှ ဆင်းခိုင်းသဖြင့်ဆင်းပေးခဲ့ပြီး အဆိုပါအမျိုးသားများမှ ယာဉ်အားတညင်းကုန်းလမ်းဆုံဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း တိုင်တန်းချက်အရ အင်းစိန်မြို့မ ရဲစခန်း(ပ)၁၃၈၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။
 
ယင်းသို့ မော်တော်ယာဉ်အား လုယူထွက်ပြေးသွားသူများကို ဖမ်းဆီးရမိရေးအတွက် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ၊ အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် ရွှေပြည်သာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မော်တော်ယာဉ်လုယူမောင်းနှင် ထွက်ပြေးသွားသည့် လမ်းကြောင်းတစ်လျှောက် ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့ရာ ၂၂.၇.၂၀၁၈ ရက်နေ့ နံနက် ၀၂း၀၀နာရီအချိန်တွင် လုယူမောင်းနှင်သွားသည့် EE----FIELDER မော်တော် ယာဉ်အား ရွှေပြည်သာမြို့နယ်၊ (၅/၅)ရပ်ကွက်၊ သရဖီလမ်းပေါ်မှ ပြန်လည်တွေ့ရှိခဲ့ရပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ယင်းနေ့ နံနက် ၀၈း၀၀နာရီအချိန်တွင် အဆိုပါလုယက်မှုအား ကျူးလွန်သူ ရွှေပြည်သာမြို့နယ်နေ အောင်ကိုနိုင်၊ (၂၈)နှစ်နှင့် အင်းစိန်မြို့နယ်နေ အောင်မိုး၊ (၂၉)နှစ်တို့နှစ်ဦးအား ရွှေပြည်သာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ရွှေသဇင်လမ်းမပေါ်မှ ဖမ်းဆီးရမိခဲ့ပါသည်။
 
ဖမ်းဆီးရမိသူ အောင်ကိုနိုင်၊ အောင်မိုးတို့ (၂)ဦးအား အမှုဖြင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး အလားတူ လုယက်မှုမျိုး ထပ်မံကျူးလွန်ထားခြင်း ရှိမရှိ တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment