ငြိမ်းချမ်းရေးလုပ်ငန်းစဉ်းများ နောက်ဆုတ်စရာမရှိဟု တပ်မတော်ပြော

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ရှေ့သို့ ဆက်လက်သွားမှာဖြစ်ပြီး နောက်ဆုတ်စရာ မရှိကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး ပိတ်ပွဲအခမ်းအနားအပြီး ညီလာခံ သဘာပတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
 
`ဒုတိယမှာ ၃၇ ချက်၊ အခု တတိယအစည်းအဝေးမှာ ၁၄ ချက်၊ နောက်အစည်းအဝေးတွေကလည်း တိုးတက်လာမှာပဲ။ တိုးတက်တယ်ဆိုတာ ဒါကောင်းမွန်တဲ့ ရလဒ်ပဲ။ ရှေ့ကိုပဲသွားမှာပဲ၊ နောက်ဆုတ်စရာတော့ မရှိဘူး`ဟု ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်းက ပြောကြားသည်။
 
သဘောတူညီချက်များ မရရှိသေးသည့် ကဏ္ဍများနှင့် ပတ်သက်ပြီးလည်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးနောက်ပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ကာ ဆွေးနွေးသွားမည်ဟု ဆိုသည်။
 
`လုံခြုံရေးကဏ္ဍ မပါလို့တော့မရဘူး။ ပါရမယ်၊ လာမယ့် ညီလာခံတွေမှာ လုံခြုံရေးကဏ္ဍ ပါနိုင်ဖို့အတွက်ကို အစုအဖွဲ့ အသီးသီးကနေ ၀ိုင်းဝန်ကြိုးပမ်းပြီး ဆောင်ရွက်နေမယ်` ဟုဆိုသည်။
 
အခက်အခဲဟု ဆိုလို့မရသော်လည်း နှစ်ဖက်သဘောတူညီချက်များ မရရှိသေးကြောင်းနှင့် သူ့အမြင် ကိုယ့်အမြင် ဖြစ်နေသည်ဟုလည်း ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်းက ပြောကြားသည်။
 
`အခက်အခဲရယ်လို့တော့ မဟုတ်ပါဘူး။ နှစ်ဖက်ကတော့ သဘောတူညီမှုတွေ မရရှိသေးဘူးပေါ့။ သူ့အမြင် ကိုယ့်အမြင် ဖြစ်နေတာပေါ့။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကတော့ ဒီဘက်မှာ တစ်ခုတည်းသော တပ်မတော်နဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမယ်ဆိုတာတွေ ရှိတာပေါ့နော်၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစီးခြင်း ကိစ္စတွေကလည်း ဒါတွေကလည်း မလွဲမသွေ လုပ်ရမယ့်ကိစ္စတွေပဲ၊ ဒါနဲ့ပတ်သက်လို့ အစုအဖွဲ့တွေကနေမှ အခုညီလာခံပြီးတာနဲ့ အမြန်းဆုံး အလုပ်ရုံဆွေးနွေးပွဲတွေ တိုးတက်မှုရလဒ်တွေ ရအောင်ဆောင်ရွက်ကြမယ်` ဟု ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်းက ပြောကြားသည်။
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း လုံခြုံရေးကဏ္ဍကို ညှိနှိုင်းကြရာတွင် အဖက်ဖက်က သတိကြီးစွာဖြင့် ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ လုံခြုံရေးကဏ္ဍမှ ရလဒ်ထွက်နိုင်ဖို့သည် ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် များစွာ အရေးကြီးကြောင်း ပြီးပြည့်စုံသည့် ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီမှုဖြစ်ဖို့ဆိုလျှင် လုံခြုံရေးဆိုင်ရာ သဘာတူညီချက်များ ပါဝင်ရမှာဖြစ်ကြောင်း ညီလာခံပိတ်ပွဲ အခမ်းအနား၌ ကျေးဇူးတင်စကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
Average: 5 (1 vote)

Add new comment