ဆေးဝါးနှင့်ပတ်သက်၍ တက္ကသိုလ်ကြီးများ ထူထောင်ခဲ့သော်လည်း မျှော်မှန်းထားသည့် အခြေအနေ မရောက်သေးဟုဆို

ဆေးဝါးနှင့်ပတ်သက်၍ တက္ကသိုလ်ကြီးများ ထူထောင်ခဲ့သည်မှာ ဆယ်စုနှစ် နှစ်စုကျော်ရှိခဲ့ပြီ ဖြစ်သော်လည်း တိုးတက်မှု အရှိန်အဟုန်ကို ကြည့်မည်ဆိုပါက ဆယ်စုနှစ်ကျော်ကာလတွင် မျှော်မှန်းထားသည့် အခြေအနေတစ်ခုကို မရောက်သေးဟု ဆိုရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။
 
မြန်မာနိုင်ငံ ဆေးဝါးပညာရှင်များအသင်း၏ Academic & Research Pharmacy Committee မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ်မြောက် သုတေသနညီလာခံဖွင့်ပွဲအခမ်းအနား သို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် အမှာစကား ပြောကြားစဉ် ယင်းသို့ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
 
“ ဒီကာလအတွင်းမှာ ပြုပြင်ပြောင်းလဲတည်ဆောက်တဲ့ နိုင်ငံတော်အစိုးရရဲ့မူဝါဒအသစ်တွေနဲ့အညီ အစိုးရသစ်ရဲ့ သက်တမ်းမှာ ဆေးဝါးကဏ္ဍနယ်ပယ်ကိုလည်း ဖွံ့ဖြိုးတိုးတက်မှုရှိနိုင်ဖို့ အားပေးကူညီချင်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
 
ထို့အတူ အနာဂတ်တွင် ပိုမို ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်ရန် သုတေသနပြု ငွေကြေးများ ထည့်ဝင်မှု၊ အားပေး ထောက်ခံမှု၊ တွန်းအားပေးမှုများ များစွာ ဆောင်ရွက်ရမည်ဖြစ်သည်။ အကြောင်းတစ်ခုကို သိလျှင် အကြောင်းအရာ တစ်ခုကို လေ့လာပြီးယင်းအပေါ်တွင် ဖန်တီးနိုင်သည့် စွမ်းအား မိမိတို့မှာရှိကြောင်း၊ သို့သော် အခွင့်အလမ်းရဖို့ရန် လိုအပ်ကြောင်း၊ ယင်း အခွင့်အလမ်းများကို ပေးနိုင်ရန် အတွက် နိုင်ငံတော် အစိုးရဘက်က ပံ့ပိုးကူညီမှု၊ တွန်းအားပေးမှုများ လိုအပ်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
 
“နောက်တစ်ချက်ကတော့ ကျောင်းသူ၊ ကျောင်းသားတွေဟာ ဆယ်တန်းအောင်မြင်လာတဲ့ အချိန်မှာ ဆရာဝန် ဖြစ်ချင်ကြပါတယ်။ ဒီနေရာကနေ ဆေးဝါးကျွမ်းကျင်သူလို့ ဖြစ်လာတဲ့ အခြေအနေမျိုးမှာ သူဟာ ဒုတိယနေရာ တစ်ခုကို ရောက်သလိုမျိုး ခံစားကြရပါတယ်။ ဒီအနေအထားကလည်း ကျွန်တော်တို့ နိုင်ငံမှာ ပြုပြင်ပြောင်းလဲ တည်ဆောက်ရမယ့် ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ဆရာဝန်တွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးသလို ဆေးဝါး ကျွမ်းကျင်သူတွေရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အင်မတန် အရေးကြီးတယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ ဒါကြောင့် ဒီကဏ္ဍနယ်ပယ် တိုးတက်လာဖို့ လိုအပ်ပါတယ်။”ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆက်လက် ပြောကြားခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment