မကြာခင်စင်ကာပူမှာ ရုံတင်ပြသသွားတော့မယ့် “ည” ရုပ်ရှင်

ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးထားပြီး အဓိက မျက်နှာသစ် သရုပ်ဆောင် ၁၀ ဦး နဲ့ ပုံဖော်ရိုက်ကူးထားတဲ့ “ည” ရုပ်ရှင်ဇာတ်ကားကြီးဟာ ပထမတစ်ခေါက် ရုံတင်ပြသစဉ်က မြန်မာပြည်မှာရှိတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားသလို ယခုအခါ ဒုတိယအကြိမ် ရုံတင်ပြသတဲ့ အခါမှာလည်း ရုံပြည့်ရုံလျှံ အားပေးခဲ့ကြပါတယ်။ အဆိုပါဇာတ်ကားဟာ မြန်မာဇာတ်ကားအများစုမှာ မြင်တွေ့ရလေ့ မရှိတဲ့ psycological Thriller ဇာတ်ကား အမျိုးအစားဖြစ်ပြီး ဇာတ်လမ်း သိပ်သည်းကျစ်လစ်မှု၊ အချိတ်အဆက်မိမိ ရိုက်ကူးတင်ဆက်ပုံ ကောင်းမွန်မှုတို့ကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ ချီးကျူးဂုဏ်ပြုမှုကို ရရှိထားတာလည်း ဖြစ်ပါတယ်။
 
အဆိုပါ “ည” ရုပ်ရှင်ဇာတ်ကားကြီးကို ရိက်ကူးပုံဖော်သူ ဒါရိုက်တာ ထူးပိုင်ဇော်ဦးဟာ အဆိုပါ ဇာတ်ကားကို ပြည်တွင်းမှာသာ ပြသဖို့ ရည်ရွယ်ရိုက်ကူးထားတာ မဟုတ်ဘဲ ပြည်ပနိုင်ငံများအထိပါ ထိုးဖောက်ဖို့ ရည်ရွယ်ထားတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟဖူးပြီး အခုတော့ သူ့ရဲ့ စိတ်ကူးအိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ သူကြိုးစားပြီး ပုံဖော်ရိုက်ကူးထားတဲ့ “ည” ရုပ်ရှင်ဇာတ်ကားကြီးဟာ တကယ်ပဲ နိုင်ငံတကာကို ထိုးဖောက်ဖို့ စတင်နိုင်ခဲ့ပြီဖြစ်ပြီး အဆိုပါဇာတ်ကားဟာ စင်ကာပူနိုင်ငံ Golden Mile Tower မှာရှိတဲ့ Carnival Cinema မှာ ရုံတင်ပြသခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။
 
အဆိုပါ အကြောင်းကိုတော့ "ည" ရုပ်ရှင် Official Page မှာ အခုလိုရေးသားဖော်ပြပြီး တရားဝင် ထုတ်ပြန်ကြေညာ ထားပါတယ်။ “#ညရုပ်ရှင် #စင်ကာပူ #ပြပြီ April 29 (Sunday) နဲ့ May 1 (May day) တို့မှာ Carnival cinema (Golden Mile Tower) မှာစတင်ပြသပါမယ်။ ပွဲချိန်ကတော့ နှစ်ရက်စလုံးအတွက် နေ့လယ် ၁၂ နာရီ နဲ့ ၃ နာရီပါ။
 
#လက်မှတ်များကို online မှ ယခုစတင်ဝယ်ယူနိုင်ပါပြီ။ www.carnivalcinemas.sg
(ကိုယ်အဆင်ပြေတဲ့ ထိုင်ခုံနေရာ ရွေးချယ်နိုင်ဖို့အတွက် ထိုင်ခုံနေရာအားလုံးနီးပါး online ဝယ်ယူနိုင်ဖို့ ဖွင့်ထားပါတယ်နော်။)
 
လူကိုယ်တိုင် လာရောက်ဝယ်ယူလိုပါက ပင်နီဆူလာပလာဇာ B1 မြနန္ဒာစားသောက်ဆိုင်နဲ့ ည ရှပ်ရှင်ပြသမယ့် carnival cinemas တို့မှာ ကြိုတင်ဝယ်ယူ နိုင်ပါတယ်ခင်ဗျ။
 
စင်ကာပူမှ ***ည*** ပရိသတ်ကြီးနဲ့ မကြာမီ တွေ့ဆုံဖို့ရာ ညရုပ်ရှင်အဖွဲ့သားများမှ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေပါတယ်နော်“ လို့ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ယခုလတ်ရှိ ဥပါယ်တံမျဉ်၊ မုဒြာရဲ့ခေါ်သံ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး ရုပ်ရှင်လောကကို လှုပ်ခတ်စေခဲ့တဲ့ မင်းသားချော ဇဏ်ခီကလည်း အဆိုပါ ဇာတ်ကားကို ကြိုက်နှစ်သက်တာကြောင့် ၃ ကြိမ်တိတိ ကြည့်ရှုဖြစ်ခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားဖော်ပြထားပြီး အခုလို စင်ကာပူမှာ ပြသခွင့်ရရှိတဲ့ အတွက်လည်း ၀မ်းသာဂုဏ်ယူမိကြောင်းနဲ့ ပရိသတ်တွေကိုလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ဥပါယ်တံမျဉ် ဇာတ်ကားကြီးလိုပဲ သွားရောက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ကြောင်း ရေးသား မျှဝေထားတာကို တွေ့ရပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment