မြစ်ကြီးနားမြို့ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေထည် ၃ ပိသာခန့်နှင့် ငွေကျပ် သိန်း ၂၀၀ လုယူခံရ

မြစ်ကြီးနားမြို့၊ မြေမြင့် ရပ်ကွက်နေ ဦးကျော်ထွန်း (၄၀)နှစ် ပိုင်ဆိုင်သည့် မြို့မရပ်ကွက်ရှိ ကျော်ရွှေမြန်မာ ရွှေဆိုင်မှ ရွှေထည်ပစ္စည်း ၃ ပိသာခန့်နှင့် ငွေကျပ်သိန်း ၂၀၀ လုယူခံရမှု ဧပြီ ၁ ရက်က ဖြစ်ပွားခဲ့ပြီး လုယူထွက်ပြေးသူများကို စိစစ်ဆဲဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
မြစ်ကြီးနားမြို့၊ မြေမြင့် ရပ်ကွက်နေ ဦးကျော်ထွန်း (၄၀)နှစ်သည် မြို့မရပ်ကွက်ရှိ ၎င်းပိုင် "ကျော်မြန်မာ''ရွှေဆိုင်သို့ 4F/xxxx Belta ယာဉ်ဖြင့် ရောက်ရှိ လာပြီး ဆိုင်အတွင်းရှိ မီးနှင့် CCTV များဖွင့်နေစဉ် ဆိုင်အတွင်းသို့ ကချင်လူမျိုးဟု ယူဆရသည့် အမျိုးသား ၁ ဦး (ဆိုင်ကယ်ဦးထုပ်ဆောင်း/ ပါးစပ်တွင် Mask အုပ်ထား) ဝင်ရောက်လာကာ ရွှေရောင်း လိုကြောင်းပြောဆို၍ ၎င်း၏လက်ဆွဲအိတ် အတွင်းမှ အရှည် ၈ လက်မခန့်ရှိ ဓားဖြင့် ဦးကျော်ထွန်း၏ ဝမ်းဗိုက်အား ထိုးပြီး လည်ပင်းအား ဓားဖြင့် ထောက်ထားကာ ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည့် အမျိုးသား ၁ ဦး ထပ်မံရောက်ရှိလာပြီး ဦးကျော်ထွန်းအား ချုပ်နှောင်၍ ရွှေထည်ပစ္စည်းများ တောင်းသဖြင့် ရွှေထည်ပစ္စည်းများမှာ ကားထဲတွင်ရှိကြောင်း ပြောဆိုခဲ့ရာ ဦးကျော်ထွန်း အား ဆိုင်ရှိ ရေချိုးခန်း အတွင်း၌ တံခါးပိတ် ချုပ်နှောင်ထားခဲ့ကာ ဆိုင်တွင် တပ်ဆင်ထားသည့် CCTV ကင်မရာ အထိုင်စက်အား ဖြုတ်ယူ၍ 4F/xxxx Belta ယာဉ်နှင့် ယာဉ်အတွင်းမှ ကျောက်မျက်ရတနာ မျိုးစုံဖြင့် ပြုလုပ်ထားသော ရွှေထည်ပစ္စည်းမျိုးစုံ ၃ ပိသာခန့် (တန်ဖိုးငွေ သိန်း ၃,၀၀၀ ကျပ်ခန့်) နှင့် ငွေသိန်း ၂၀၀ ကျပ်တို့အား ယူဆောင်ကာ မောင်းနှင် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
အဆိုပါ ဓားဖြင့်ထိုးမှုကြောင့် ဦးကျော်ထွန်းတွင် ဝဲဘက်ဆီးခုံထိုးသွင်း ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ရရှိ၍ မြစ်ကြီးနားမြို့ ဆေးရုံသို့ တင်ပို့ခဲ့ကာ ၁၃၁၀ အချိန်တွင် ရွှေထည်ပစ္စည်းများ လုယူထွက်ပြေးသူ (စိစစ်ဆဲ) ၂ ဦးအား မြစ်ကြီးနား မြို့မရဲစခန်း (ပ)၇၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၉၇/ ၁၁၄ (သေစေရန် ပြုလုပ်၍ လုယက်မှု/အားပေးကူညီမှု)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
 
ထို့အတူ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ နောင်ရာနယ်မြေ (၆၃)ဧကအတွင်း ကား မောင်းသင်သည့်နေရာအနီး၌ တရားခံလုယက် ယူဆောင်သွားသော 4F/xxxx Belta ယာဉ်အား တွေ့ရှိ သဖြင့် တာဝန်ရှိ သူများမှ စစ်ဆေးစုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment