Pixel စမတ်ဖုန်းတွေရဲ့ လုံခြုံရေးအားနည်းချက် ဖော်ထုတ်နိုင်ခဲ့သူကို Google က အမေရိကန် ဒေါ်လာ ၁ သိန်းကျော် ချီးမြှင့်

Google ကုမ္ပဏီဟာ ၄င်းတို့ ထုတ်လုပ်ထားတဲ့ Pixel စမတ်ဖုန်းတွေရဲ့ လုံခြုံရေးအားနည်းချက် ဖော်ထုတ်နိုင်ခဲ့သူကို ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁ သိန်းကျော် ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
 
ဒီဆုကို ရရှိပိုင်ဆိုင်သွားသူကတော့ တရုတ်နိုင်ငံ အခြေစိုက် Internet Securtiy ကုမ္ပဏီတစ်ခုဖြစ်တဲ့ Qihoo 360 ရဲ့ Alpha Team မှာ Security Researcher တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Guang Gong ဆိုသူပဲ ဖြစ်ပါတယ်။ ၄င်းဟာ Google Pixel ဖုန်းတွေမှာရှိနေတဲ့ လုံခြုံရေးအားနည်းချက်က ၂၀၁၇ ခုနှစ် သြဂုတ်လ ကတည်းက ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ရှာဖွေတွေ့ရှိချင်းမှာပဲ Google ရဲ့ Android Security Rewards (ASR) Program ကနေ ချက်ချင်း အကြောင်းကြားခဲ့တာလည်း ဖြစ်ပါတယ်။
 
လုံခြုံရေး အားနည်းချက်ကို သိရှိထားသော်လည်း လျှို့ဝှက်ထားခြင်းမရှိဘဲ တာဝန်သိစိတ်ဖြင့် ချက်ချင်း အကြောင်းကြား ပေးခဲ့တဲ့ Guang Gong ကို Google က အမေရိကန် ဒေါ်လာ ၁၀၅၀၀၀ ဆုချီးမြှင့်ခဲ့ပြီး ၄င်းတို့ အဖွဲ့အစည်းမှ Researcher တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ Guang Gong ဟာ ယခင်က Chrome Reward Program မှာလည်း ဆုကြေးငွေ ၇၅၀၀ ရရှိဖူးပြီး ယခုရရှိတဲ့ ဆုဟာ သူ့အတွက် ဒုတိယမြောက် ဆုလည်း ဖြစ်ပါတယ်။ ယခုရရှိခဲ့တဲ့ ဆုဟာ google က ASR Program အတွက် ချီးမြှင့်တဲ့ ဆုများအနက် ဆုကြေးငွေ အများဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။ Google ဟာ လုံခြုံရေး အားနည်းရခြင်းနဲ့ ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို Android Developer Blog မှာ ဖော်ပြခဲ့တာဖြစ်ပြီး ပြန်လည်ပြင်ဆင်မှုတွေကိုတော့ ၂၀၁၇ နှစ်ကုန်ပိုင်းလောက်မှာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
 
Guang Gong ကတော့ ၄င်းရှာဖွေတွေ့ရှိချက်အတွက် Google ရဲ့ ထုတ်ပြန်မှုကို ဂုဏ်ယူမိကြောင်းနဲ့ ဆုချီးမြှင့်ခဲ့တဲ့ Google ကိုလည်း ကျေးဇူးတင်ကြောင်း ၄င်းရဲ့တွစ်တာမှာ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment