အစိုးရအဖွဲ့ခေါင်းဆောင်များ၏ မူဝါဒပိုင်းဆိုင်ရာ ဖြေလျှာ့ပေးမှု မရှိခြင်းကြောင့် NCA တွင် လက်မှတ်ရေးထိုးနိုင်ရေးမှာ တစ်ဆို့နေရခြင်းဖြစ်သည်ဟု UNFC ပြောကြား

အစိုးရအဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ၏ မူဝါဒပိုင်းဆိုင်ရာ ဖြေလျှော့ပေးမှု မရှိခဲ့ကြောင့် NCA တွင် လက်မှတ်ရေးထိုးနိုင်ရေးမှာ တစ်ဆို့နေရခြင်း ဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်
ကောင်စီ (UNFC) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းဇော်က The Ladies News သို့ ပြောကြားသည်။
 
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ၏ အဆိုပြုချက် (၉) ချက်ကို အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ညှိနှိုင်းလျှက်ရှိရာ နောက်ဆုံး
တစ်ဆို့နေသည့် အချက်များအပေါ် အဖြေရရှိရေးတွက် နှစ်ဖက် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းရန်နှင့် အခြားနည်းလမ်းများကိုလည်း ဆက်လက်ရှာဖွေ ကြိုးပမ်းသွားမည်ဟု ဇန်န၀ါရီလ ၆ ရက်မှ ၈ ရက်အအထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သော UNFC ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အရေးပေါ် အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
 
`NCA လက်မှတ်ရေးထိုးနိုင်ရေး အတွက်က ကျွန်တော်တို့ အဆိုပြုချက် ၉ ချက် လုပ်ထားပါတယ်။ အဲဒီအဆိုပြုချက် ၉ ချက်ကို DPN နဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ညှိနှိုင်းနေတယ်။ ညှိနှိုင်းနေတဲ့ ညှိနှိုင်းမှုက ၁၇ လကျော် အကြိမ် အရေအတွက်အားဖြင့် ၈ ကြိမ် တိုင်တိုင် ဆွေးနွေးခဲ့ပြီးဖြစ်တယ်။ နောက်ဆုံး န၀မအကြိမ်မြောက် တွေ့ဆုံပြီးတော့ အဖြေရှာဖို့ ကြိုးစားတဲ့အခါမှာ အစိုးရဘက်က ထိပ်သီးခေါင်းဆောင်များ အနေနဲ့ မူဝါဒ ဖြေလျှော့မှု အပိုင်းမှာ မရှိခဲ့ဘူးပေါ့။ အဲဒါကြောင့် အဲဒီအပေါ်မှာ တစ်နေခြင်းဖြစ်တယ်။ ကျွန်တော်တို့ ခေါင်းဆောင်များ ဘက်ကလည်း ဒီအပေါ်မှာ ဆက်လက်ညှိနှိုင်း အဖြေရှာဖို့ သဘောထားပဲ ရှိပါတယ်။ အဲဒါကို နှစ်ဖက်ထိပ်သီးခေါင်းဆောင်းများ တွေ့ဆုံပြီးတော့မှ အဖြေရှာနိုင်ရေး ကိစ္စကို ဆက်လက်ကြိုးပမ်း သွားမယ်ဆိုတဲ့ သဘောထားပဲ ဆက်ရှိကြတာ ဖြစ်ပါတယ်` ဟု ဦးထွန်းဇော်က ပြောကြားသည်။
 
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက အစိုးရငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ ၉ ကြိမ်မြောက် တရားဝင် ဆွေးနွေးပွဲ တစ်ဆို့ခဲ့ရခြင်းမှာ
UNFC ဘက်မှ ဖက်ဒရယ်ဒီမိုကရေစီဟု သုံးနှုန်းလိုပြီး အစိုးရဘက်မှ ဒီမိုကရေစီ ဖက်ဒရယ်ဟု သုံးနှုန်းလိုသည့်ကိစ္စ သဘောထား ကွဲလွဲခဲ့ခြင်းကြောင့် ဖြစ်သည်။
 
UNFC အဖွဲ့ဝင်ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) သည် ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး မတိုင်ခင်တွင် NCA တွင် လက်မှတ်ရေးထိုးမည်ဟု သတင်းများ ထွက်လျက်ရှိသည်။ ထိုသို့ သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး ဦးထွန်းဇော်က လက်ရှိအခြေအနေတွင် UNFC အဖွဲ့ဝင်များသည် အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ရပ်တည်နေသည်ဟု ဆိုသည်။
 
`အပြင်မှာရောက်နေတဲ့ သဘောထားတွေကကြတော့ ပုံစံအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ပြောနိုင်တာကတော့ အခု ဒီအစည်းအဝေးက ဆုံးဖြတ်တဲ့ သဘောထားအတိုင်းပဲလို့ ပြောလို့ ရပါတယ်။ လောလောဆယ်ကတော့ ခွဲထွက် ဘာညာဆိုတာကတော့ တစ်ဖွဲ့မှ ပြောတာမရှိသေးပါဘူး။ UNFC နဲ့ သွာမယ်ဆိုတဲ့
သဘောထားပဲ ရှိကြပါတယ်´ ဟု ဦးထွန်းဇော်က ပြောကြားသည်။
 
UNFC အဖွဲ့များ NCA တွင် လက်မှတ်ရေးထိုးနိုင်ရေးမှ DPN မှ အဆိုပြုထားသည့် အဆိုပြုချက် ၉ ချက် နိဂုံးချုပ်နိုင်ရေး အပေါ်တွင် မူတည်သည်။ ဆွေးနွေးခဲ့သည့်ကာလ ၁၇ လကျော်နှင့် ဆွေးနွေးခဲ့သည့် အကြိမ်အရေအတွက်အားဖြင့် ၈ ကြိမ်တိုင်း ဆွေးနွေးခဲ့သည့် ဆွေးနွေးမှုများကို နိဂုံးချုပ်၍ မရသေးကြောင်း ၄င်းက
ပြောကြားသည်။
 
UNFC အဖွဲ့ဝင်များမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသား ကောင်စီ (ANC) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်ကြသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment