ဘားအံမြို့နယ်တွင် တယ်လီဖုန်း အင်တာနာတိုင်ထောင်ရာမှ KV 660 ဓာတ်ကြိုးပေါ် လဲကျခဲ့သဖြင့် လူ ၅ ဦးသေဆုံး

ဘားအံမြို့နယ်အတွင်းတွင် တယ်လီဖုန်း အင်တာနာတိုင်ထောင်ရာမှ KV 660 ဓာတ်ကြိုးနှင့် ထိမိသဖြင့် ဓာတ်လိုက်မှုဖြစ်ပွားကာ ငါးဦးသေဆုံး ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
 
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၆ ရက်နေ့ ၀၉၄၅ အချိန် ဘားအံမြို့နယ်၊ သာမညကျေးရွာ ရေတံခွန် ရပ်ကွက်နေ ဦးမောင်ပါး၊ (၅၉)နှစ်နှင့် ဇနီး ၁၊ သား ၁၊ တူ ၁၊ သားမက် ၁၊ ပေါင်း ၅ ဦးတို့သည် လုံးပတ် ၂ လက်မ၊ အရှည် ၄၀ ပေရှိ သံပိုက်လုံးတွင် အရှည် ၅၀ ပေရှိ ဝါယာကြိုးတပ်ထား သည့် တယ်လီဖုန်း အင်တာနာတိုင်အား ထောင်ရာမှ သံပိုက်လုံးမှာ နေအိမ်ဘေးရှိ သာမညကျေးရွာနှင့် ဝင်းစိန် ကျေးရွာသို့ ဆက်သွယ် ထားရှိသော KV 660 ဓာတ်အားလိုင်းပေါ်သို့ လဲကျခဲ့သဖြင့် လျှပ်စစ်ဓာတ် စီးဝင်ကာ ဦးမောင်ပါး ပါ ၅ ဦး မှာ ဓာတ်လိုက် သေဆုံးခဲ့ကြောင်း သိရသည်။
 
ယင်းသို့ ဓာတ်လိုက်ခံရသူ ငါးဦးအား ဘားအံ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး အိန္ဒုနယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၈) ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment