ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်တွင် နိုင်ငံတကာ၏ အာရုံစိုက်မှု လျှော့ကျလာသည်ဟု ဆို

မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ်တွင် နိုင်ငံတကာ၏ စိတ်ဝင်စာမှု၊ အာရုံစိုက်မှု လျှော့ကျလာသည်ဟု NCA တွင် လက်မှတ်ရေးထိုးထားသော ချင်းအမျိုးသားတပ်ဦး (CNF) မှ ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုံဆာခေါင်းက သုံးသပ်ပြောကြားသည်။
 
ဒီဇင်ဘာလ ၁၀ ရက်က Green Hill Hotel တွင် တိုင်းရင်းသား လူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း (CDES) မှ ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဖိုရမ် အပြီးတွင် ၄င်းက သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
ထိုသို့ လျော့ကျလာခြင်း အကြောင်းအရင်းများထဲမှ နံပါတ်တစ်အချက်မှာ ရခိုင်းအရေးကိစ္စကြောင့် နိုင်ငံတကာ၏ မြန်မာနိုင်ငံအပေါ် အာရုံစိုက်မှုမှာ အင်မတန် ကျဆင်းသွားသည်ဟု ဒေါက်တာဆလိုင်းလျန်မှုံဆာခေါင်က သုံးသပ်ပြောကြားသည်။
 
ပြီးခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရးပင်လုံ ၂၁-ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် ရရှိလာသည့် သဘောတူညီချက် ၃၇ ချက်အား လွှတ်တော်သို့ တင်သင့် မတင်သင့် ငြင်းခုန်နေကြခြင်းကိုလည်း ပြသ၁နာတစ်ခုအဖြစ် မြင်မိသည်ဟု ဒေါက်တာဆလိုင်းလျန်မှုံဆာခေါင်က ပြောကြားသည်။
 
`ကြားထဲမှာ ကျွန်တော်တို့အနေနဲ့က Review တွေ လုပ်ပြီးတော့ မူဘောင်တွေ ပြင်တယ်၊ TOR (လုပ်ငန်းလမ်းညွန်) ပြင်တယ်ဆိုတာက သူတို့အနေနဲ့ ဒါကို ငြိမ်းချမ်းရေး ရှေ့မတိုးချင်လို့ နောက်ဆုတ်ချင်လို့ ဆိုပြီးတော့ Negative နဲ့ မြင်တဲ့သူတွေ ရှိတယ်။ အမှန်က အဲဒီလိုမဟုတ်ဘူး။ ကျွန်တော်တို့ ရှေ့တိုးချင်လို့ ကောင်းကောင်းမွန်မွန် ဖြစ်ချင်လို့ အဲလိုလုပ်နေတဲ့ဟာကို တချို့နိုင်ငံတွေက အကောင်းမမြင်ဘူး၊ အဲဒါလည်း တစ်ချက်ပါတယ်´ ဟု ၄င်းကသုံးသပ်သည်။
 
အစိုးရငြိမ်းချမ်းရး ကော်မရှင် (PC) နှင့် UNFC တပ်ပေါင်းစု၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ ဆွေးနွေးမှုများသည် ထင်တိုင်မပေါက်ပဲ Process ကိစ္စများတွင်သာ လုံးထွေနေဖြစ်ပြီး ရလဒ်ပေါ်တွင် အခြေခံသည့် ဆွေးနွေးမှုများ အားနည်းသည်ဟု နိုင်ငံတကာက ထင်မြင်ကြောင်း ၄င်းကပြောကြားသည်။
 
`နောက်ဆုံးတစ်ခုအနေနဲ့က မြောက်ပိုင်းကိစ္စ။ မြောက်ပိုင်းကိစ္စမှာလည်းပဲ မြောက်ပိုင်းက များသောအားဖြင့် NCA စာချုပ် အတိုင်းသွားတဲ့ ငြိမ်းချမ်းရေးကို သူတို့သိပ်စိတ်မ၀င်စားဘူး သူတို့ရဲ့ Statement တွေထဲမှာလည်း ဒီအတိုင်းပဲ ရေးထားပါတယ်။ အဲဒီအပေါ်မှာလည်းပဲ ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးဟာ နည်းနည်းရှေ့မတိုးဘဲနဲ့ အိုင်နေတယ်ပေါ့လေ။ ရှေ့မတိုးပဲနဲ့ဖြစ်နေတယ်ဆိုတဲ့ အမြင်တွက်ချက်မှုနဲ့ နိုင်ငံတကာအမြင်က နည်းနည်း လျှော့ကျတယ်လို့ ကျွန်တော်တို့က ခံစားနေပါတယ်` ဟု ဒေါက်တာ ဆလိုင်းလျန်မှုံဆာခေါင်က ပြောကြားသည်။
 
ယခုလို စိတ်ဝင်စားမှုများ နည်းပါးလာပါက နောင် နှစ်နှစ် သုံးနှစ်အကြာတွင် ငွေကြေးထောက်ပံ့မှု၊ နည်းပညာ အထောက်အကူပြုမှုနှင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုများသည် ရေရှည်တွင် ထိခိုက်လာနိုင်သည်ဟု ၄င်းက သုံးသပ်ပြောကြားသည်။
 
`အဲဒီအတွက်ကြောင့် ရေရှည်ထိခိုက်မယ့် အခြေအနေမျိုး မရောက်ခင်မှာ ပြန်ပြီးတော့ ကြိုးစားပြရမယ်။ ကျွန်တော်တို့ ပြန်ပြီးတော့ လုပ်ပြရမယ်။ ကျွန်တော်တို့ လုပ်လို့ရပါတယ်။ ကျွန်တော်တို့ အဖြေရှာလို့ ရပါတယ် ဆိုတဲ့ဟာ တပ်ဘက်ကရော အစိုးရဘက်ကရော ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘက်ကရော ပေါင်းပြီးတော့ လုပ်လိုက်မယ် ဆိုရင်တော့ နိုင်ငံတကာရဲ့ အမြင်ဆိုတာ ပြောင်းလဲလာ နိုင်ပါတယ်။ အဲဒီအတွက် ကျွန်တော်က ကြောက်တော့ မကြောက်ဘူး။ ဒါပေမယ့် ဒီလိုဟာမျိုး ရှိနေပါတယ် ဆိုတာတော့ ကျွန်တော်တို့ သတိထားရမယ်` ဟု ဒေါက်တာဆလိုင်းလျန်မှုံဆာခေါင်က ပြောကြားသည်။
 
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် နိုင်ငံတကာ၏ ထောက်ပံ့မှုဖြင့် ရပ်တည်နေခြင်း မဟုတ်သောကြောင့် အဖွဲ့အစည်းတစ်ခုခြင်း၏ ရပ်တည်ချက်ကို မထိခိုက်စေသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ခရီးစရိတ်များနှင့် အစည်းအဝေးများ ကျင်းပသည့် ကုန်ကျစရိတ်များ ကတော့ နိုင်ငံတကာ ရန်ပုံငွေများပေါ်တွင် အမှီပြုနေရသည်ဟု ၄င်းကပြောကြားသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment