ဂျပန်နိုင်ငံကိုသွားမယ့် ကန်သမ္မတထရန့် မြောက်ကိုရီးယား ကုန်သွယ်ရေး ဆွေးနွေးပြီး Golf ကစားဖို့အထိ ရှိနေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် တနင်္ဂနွေနေ့တွင် စတင်မည့် အာရှငါးနိုင်ငံ ခရီးစဉ် ပထမဆုံး ရပ်နားရာ နေရာဖြစ်သည့် ဂျပန်နိုင်ငံ ခရီးစဉ်အတွက် တရင်းတနှီး ကြိုဆိုဧည့်ခံမှုနှင့် ကြုံတွေ့ရမည်ဟု မျှော်မှန်းရသည်။ သမ္မတထရန့်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် မြောက်ကိုရီးယား လက်နက်အရေး အဖြေရှာဖွေမှု တွင် ခက်ခဲမှုများ ရှိနေနိုင်သော်လည်း ယင်းပြဿနာရပ်အပေါ် မည်သို့ကိုင်တွယ်မည် ဆိုသည့်အကြောင်း အမြင်ချင်း ဖလှယ်ကြဖွယ် ရှိနေသည်။ မကြာသေး မီကပင် ထရန့်က တရုတ်နှင့် ကုန်သွယ်ရေးအပေါ် စကားပြောဆို ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ဂျပန်နိုင်ငံအပေါ် အမေရိကန်၏ ကုန်သွယ်ရေးလိုငွေပြမှု ကိုလည်း အခြေအနေ ဆွေးနွေးကြနိုင်သည်။ ထို့ပြင် ခေါင်းဆောင်နှစ်ဦးသည် တနင်္လာနေ့တွင် ဆွေးနွေးပွဲများ မကျင်းပမီ တနင်္ဂနွေနေ့တွင် Golf ကစားကွင်း၌ တွေ့ဆုံကြဦးမည် ဖြစ်သည်။
 
မြောက်ကိုရီးယားအရေး
.
မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ဖွံ့ဖြိုးရေး လုပ်ငန်းများ လျင်လျင်မြန်မြန် တိုးတက်လာခြင်းသည် ဂျပန်နှင့် အမေရိကန် နှစ်နိုင်ငံလုံးအတွက် ခြိမ်းခြောက်မှုကြီး တစ်ရပ် ဖြစ်လာနေသည်။ ယခုနှစ်အတွင်း မြောက် ကိုရီးယားသည် ဂျပန်နိုင်ငံ မြောက်ပိုင်းကို ကျော်၍ ပစိဖိတ်သမုဒ္ဒရာ အတွင်းသို့ ဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။ ယင်းဒုံးကျည် နှစ်စင်းကို မြေပြင်မှ မြင်တွေ့နိုင်၊ ကြားနိုင်ခြင်း မရှိသော်လည်း ဂျပန်အစိုးရက အရေးပေါ် ဥသြဆွဲခဲ့ပြီး ယင်းဒေသရှိ ပြည်သူများကိုလည်း အကာအကွယ်ယူကြရန် အကြံပြု သတိပေးခဲ့ရသည်။ ဝန်ကြီးချုပ် အာဘေးက မြောက်ကိုရီးယား နိုင်ငံအပေါ် ကုလသမဂ္ဂ၏ ပိုမိုပြင်း ထန်သော ပိတ်ဆို့အရေးယူမှုများကို ချမှတ်စေလိုပြီး အိမ်နီးချင်း မြောက် ကိုရီးယားကို ပိုမိုဖိအားပေးရန် တရုတ်နိုင်ငံက လုပ်ဆောင် သင့်ကြောင်း သမ္မတထရန့်၏ ပြောဆိုမှုကိုလည်း ထောက်ခံခဲ့သည်။ ထရန့်နှင့် အာဘေး တို့သည် ညှိနှိုင်းဆွေးနွေးမှုအစား ပိုမိုဖိအားပေးမှုသာ လိုအပ်ကြောင်း သဘောတူထားကြပြီး ဖြစ်သည်။
 
ကုန်သွယ်ရေး
.
သမ္မတဖြစ်လာခဲ့ပြီးနောက် ဒေါ်နယ်ထရန့်၏ ပထမဆုံး လုပ်ဆောင်ချက် တစ်ခုမှ နှစ်ပေါင်းများစွာကြာ ခိုင်မာသော စေ့စပ်ညှိနှိုင်းမှုများကို လုပ်ဆောင်ခဲ့ပြီးနောက် နိုင်ငံ ၁၁ ခုက လက်မှတ်ရေးထိုးခဲ့သော ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီချက် တစ်ခုဖြစ်သည့် ပစိဖိတ်ဖြတ် ကျော် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ အမေရိကန် နုတ်ထွက်ရေး ဖြစ်သည်။ မျှော်လင့်ချက် ကြီးကြီးဖြင့် မျှော်လင့်ခဲ့ကြသော်လည်း ဂျပန်နှင့် အခြား TPP အဖွဲ့ဝင် နိုင်ငံများအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့သည်။ နိုင်ငံနှစ်ခုကြား ကုန်သွယ်ရေး သဘောတူညီချက်များ ရရှိရန် ထရန့်က ပိုမိုကြိုက်နှစ်သက်သည့် အတွက်ကြောင့် ဒုတိယသမ္မတ မိုက်ခ်ပန့်စ် နှင့် ဂျပန်ဒုတိယဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး တာရိုအာဆိုတို့က ရင်းနှီးသော ဆက်ဆံရေးကို ပုံဖော်ရန်ရည်ရွယ်လျက် စီးပွားရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုတစ်ခုကို ဦးဆောင်ခဲ့ကြသည်။
 
အမေရိကန်နို်င်ငံအပေါ် ဂျပန်နိုင်ငံ၏ ကုန်သွယ်ရေး ပိုငွေသည် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံအပေါ် ရရှိသည့် ကုန်သွယ်ရေး ပိုငွေထက် နည်းပါးပြီး ဂျပန်မော်တော်ကား ထုတ်လုပ်သူများအနေဖြင့် အမေရိကန်နိုင်ငံတွင် အရောင်းဆိုင်များ ဆောက်လုပ်ခြင်းနှင့် အမေရိကန် အလုပ်သမားများကို ငှားရမ်းခြင်းဖြင့် ဝေဖန်ပြောဆိုရန် နှုတ်ဆိတ်ခဲ့ကြသည်။ သို့သော် သမ္မတထရန့်က ပင်လယ်ရပ်ခြား စီးပွားရေးလုပ်ငန်းများတွင် သိသိသာသာ ဖြစ်စေသည့် အခြားပူးပေါင်း ဆောင်ရွက်မှုများနှင့် ဂျပန်တင်ပို့သူများကို အကူအညီဖြစ်စေခဲ့သော လွန်ခဲ့သော ငါးနှစ်အတွင်း ယန်းငွေတန်ဖိုး လျော့ကျခြင်းနှင့်ပတ်သက်၍ အပြစ်တင်ပြောဆိုထားသည်။
 
မက်လုံးများ
.
ပြီးခဲ့သည့် စက်တင်ဘာလတွင် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့ရာ၌ သမ္မတ ထရန့်က အမေရိကန်နိုင်ငံ အနေဖြင့် မြောက်ကိုရီးယားနိုင်ငံကို လုံးဝခြေမှုန်းရေး လုပ်ဆောင်နိုင်ပြီး အခြားအကြောင်းအရာများ အတွက်လည်း ဂျပန်နိုင်ငံတွင် စိတ်ဝင်စားမှုရှိခဲ့သည်။ သမ္မတထရန့်က “မြောက်ကိုရီးယား စပိုင်တွေအတွက် ဘာသာစကား သင်ကြားသူ တစ်ယောက်အနေနဲ့ ခိုင်းစေဖို့ ချစ်ဖို့ကောင်းတဲ့ အသက် ၁၃ နှစ်အရွယ် ဂျပန်မိန်းကလေး တစ်ဦးကို ပြန်ပေးဆွဲသွားခဲ့တယ်လို့ ကျွန်တော်တို့ သိထားပါတယ်။” ဟု ပြောကြားခဲ့သည်။ ထိုသို့ပြောဆိုခြင်းဖြင့် ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း မြောက်ကိုရီးယားနိုင်ငံက ပြန်ပေးဆွဲသွားခဲ့သည့် ဂျပန်နိုင်ငံသားများ အရေးကို အာဘေးအနေဖြင့် ဦးစားပေးဖြေရှင်းလာစေရေး ယင်းပြဿနာကို ဆွပေးခဲ့သည်။ ပြန်ပေးဆွဲခံခဲ့သူ ၅ ဦးမှာ ၂၀၀၂ ခုနှစ်တွင် ပြန်ရောက်လာခဲ့သော်လည်း ကျန်ရှိသူများ၏ ကံကြမ္မာမှာလည်း ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ ထရန့်သည် ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ပြန်ပေးဆွဲခံခဲ့သူအချို့၏ မိသားစုဝင်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
 
Golf သံခင်းတမန်ခင်း
 
Golf သံခင်းတမန်ခင်း ကိစ္စရပ်သည် ဒေါ်နယ်ထရန့်ကို ဧည့်ခံမည့် ဂျပန်နိုင်ငံ၏ ဗျူဟာ တစ်စိတ်ပိုင်း ဖြစ်လာသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပပြီးနောက် ဝန်ကြီးချုပ် အာဘေးက နယူးယောက်မြို့သို့ သွားရောက်ခဲ့ပြီး ဂျပန်နိုင်ငံထုတ် Honma ဂေါက်ရိုက်တံ ကို သမ္မတအဖြစ် ရွေးကောက်ခံ ထားရသူ ထရန့်ထံ လက်ဆောင်ပေးခဲ့သည်။ ထရန့်ကလည်း Golf အကျီတစ်ထည်နှင့် အခြားဆက်စပ် ပစ္စည်းများကို ပြန်လည်ပေးအပ်ခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ဝါရှင်တန်မြို့၌ ထိပ်သီးအစည်းအဝေးပွဲ ပြုလုပ်ပြီးနောက် ဖလော်ရီဒါပြည်နယ်ရှိ ထရန့်၏ မာအာလာဂိုး အပန်းဖြေစခန်းတွင် နှစ်ဦးသား ဂေါက်ရိုက် ကစားခဲ့ကြသည်။ တိုကျိုမြို့အပြင်ဘက်ရှိ ကာဆုမီဂတ်ဆေးကီ ကန်းထရန်းကလပ်တွင် တနင်္ဂနွေနေ့၌ ပြုလုပ်မည့် ဂေါက်ရိုက် ကစားပွဲတွင် ထိပ်တန်းဂျပန်ကစားသမား ဟီဒယ်ကီ မတ်ဆူယာမာလည်း ၄င်းတို့နှစ်ဦးနှင့်အတူ ပါဝင်လာမည် ဖြစ်သည်။ နာမည်ဂုဏ်သတင်း ကျော်ကြားသည့် ယင်းကလပ်သည် ၂၀၂၀ ပြည့်နှစ် တိုကျိုတွင် ကျင်းပမည့် နွေရာသီ အိုလံပစ်အတွက် Golf ပြိုင်ပွဲများကျင်းပရန် နေရာတစ်ခုအဖြစ် ဖိအားများ ရရှိခဲ့ပြီးနောက် ပြီးခဲ့သည့် မတ်လတွင် မန်ဘာအဖွဲ့ဝင်များ အပြည့်ရရှိစေရန် အမျိုးသမီးများကို ခွင့်ပြုသည့် ၄င်းတို့၏ ပေါ်လစီကို ပြောင်းလဲခဲ့သည်။ သမ္မတ ထရန့်နှင့်အတူ တနင်္ဂနွေနေ့ ကစားပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း အနေဖြင့် ပြီးခဲ့သည့် သောကြာနေ့က ဝန်ကြီးချုပ် အာဘေး ဂေါက်ရိုက်ကစားနေပုံအား ဂျပန်ရုပ်သံမှ ပြသခဲ့သည်။
 
Washingtonpost
ဘာသာပြန်ဆိုသူ - မစ်ကီ
The Ladies News

 

Vote: 
No votes yet

Add new comment