ကို့ရို့ကားရား ဇာတ်ကားအား မသန်စွမ်းသူများနှင့် နှစ်ဖက်ညှိနှိုင်းပြီး ဆက်လက်ရိုက်သွားဖို့ သဘောတူညီမှုရ

မသန်စွမ်းသူများ ထိခိုက်နစ်နာစေသည့် ဇာတ်ကွက်များ ပါဝင်သည်ဟု ဆိုသည့် ကို့ရို့ကားရားဇာတ်ကားနှင့် ပတ်သက်ပြီး မသန်စွမ်းသူများ အသင်းနှင့် ရုပ်ရှင်ရိုက်ကူးသည့် အဖွဲ့များအကြား ဆက်လက်ညှိနှိုင်းပြီး ဆက်လက် ရိုက်ကူးသွားဖို့ သဘောတူညီမှုရကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။
 
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အောက်တိုဘာ ၂၃ ရက်က ရန်ကုန်မြို့ ၀င်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် မသန်စွမ်းသူများ အသင်းချုပ် မသန်စွမ်းအရေး ဆောင် ရွက်နေကြသူများနှင့် အနုပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းမီဒီယာများအား ပြောကြားရာတွင် ပြောဆိုဆွေးနွေးသွားသည်။
 
ဦးဇင်ဝိုင်းက “သဘောတူညီမှုတစ်ခုရပါပြီ။ တစ်ဖက်သော ဒါရိုက်တာကြီး များက ဇာတ်ကားကို ပြောင်းရိုက် ပေးပါမယ်။ ဒီဇာတ်လမ်းကို မသုံးတော့ ဘူး။ ဇာတ်လမ်းကို ပြင်ဆင်ပြောင်းလဲ ရိုက်ပါမယ်လို့ ပြောတာကိုတောင် ဒီဘက်က လာရောက် ဆွေးနွေးသူများက ထုတ်လုပ်သူဘက် ဒါရိုက်တာ များ အနုပညာရှင်များ ဖန်တီးထားတဲ့ အနုပညာများ မဆုံးရှုံးသွားအောင် အဲ့လိုမပြောင်းလဲပါနဲ့ ဆုံးရှုံးနစ်နာပါလိမ့်မယ်။ အနိုင်အထက် လာ လုပ်ခြင်း မဟုတ်ပါဘူး။ သူတို့နိုင်ချင်လို့ မဟုတ်ဘူး။ အဖြေလေး တစ်ခုရှာ တာပါ။ ဒီအတွက် ဒီဇာတ်ကိုပဲ လိုအပ်တာများကို နှစ်ဖက် ညှိနှိုင်းပြီးတော့ ဒီဇာတ်ကို ရိုက်သွားဖို့ ဒါက ဆုံးဖြတ်လိုက်ပါတယ်”ဟု ပြောသည်။
 
ဆက်လက်ပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်လောက သားများ အနေဖြင့် မြန်မာ့ လူဘောင် တိုးတက်မြင့်မားရေးအတွက် အတူလက်တွဲ လုပ်ဆောင်ပြီး မသန်စွှမ်းသူ များနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း ဦးဇင်ဝိုင်းက ဆွေးနွေးပွဲ သဘောတူညီချက် ဒုတိယအချက်အား ပြောသည်။
 
ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများအဖွဲ့ချုပ် မသန်စွမ်းပညာရေး ကော်မတီ တာဝန်ခံ ဦးရဲဝင်းက “နှစ်ဦးနှစ်ဖက် ညှိနှိုင်းတိုင်ပင်ကြတာကို သဘောတူတယ်။ နောက်ပြီးတော့ ရုပ်ရှင် အစည်းအရုံးနဲ့ အလုပ်ရုံ ဆွေးနွေးပွဲလုပ်ဖို့ အဲ့ဒါ သဘောတူတယ်။ အလုပ်ရုံ ဆွေးနွေးပွဲကတော့ ဒီဇာတ်ကားနဲ့ မဆိုင်ဘူး။ ဒီဇာတ်ကားနှင့် ပတ်သက်လို့ ဆက်လက်ပြီး ညှိနှိုင်းတိုင်ပင်ကြမယ်။ အနုပညာဖြစ်တဲ့ အတွက် ၀င်ရောက်စွက်ဖက်လို့ မရတဲ့အတွက် သူတို့ကို အကြံပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
 
သို့သော်လည်း ရုပ်ရှင်ဇာတ်ကားအချို့တွင် မူလဇာတ်လမ်း ၀တ္တုများအရ မသန်စွမ်းသူများ ခံစားရသည့် နစ်နာဆုံးရှုံးမှု များကို ပေါ်လွင်ထင်ရှားအောင် ဖော်ညွှန်းရိုက်ပြခြင်းများ ရှိသည်။ သို့သော်လည်း အချို့ဇာတ်ကားများတွင် မသန်စွမ်း သူများနှင့် ပတ်သက်ပြီး လှောင်ပြောင်သရော်သည့် ပုံစံများ ဖော်ညွန်းပြသည့်အတွက် ၎င်းတို့အပေါ် သာမန် ပြည်သူများ စိတ်တွင် လှောင်ပြောင် သရော်စရာများဖြင့် ဆက်ဆံခံရကြောင်း ပြောပြချက်အရ သိရသည်။
 
“အဓိကထားတာက ဒီကို့ရို့ကားရား ကားမှ မဟုတ်ပါဘူး။ ရှေ့ဇာတ်ကားတွေမှာ အများကြီး ရှိပါတယ်။ ကောင်းတဲ့ဘက်ကို ဦးတည်တဲ့ ကားတွေ အများကြီးရှိပါတယ်။ ဥပမာ ကိုသားကြီး ရိုက်ခဲ့တဲ့ ထော့ကျိုးဆိုတဲ့ ဇာတ်ကား ရှိပါတယ်။ ထော့ကျိုးဆိုတဲ့ ဇာတ်ကားမှာဆိုရင် ဒရမ်မာကို ရိုက်ပြသွားလို့ ကျွန်တော်တို့ မျက်ရည် ကျရတယ်။ နောက် ကိုထွန်းထွန်းရိုက်တဲ့ သံချောင်းမှာဆိုရင် ဒရမ်မာပေးချက်က ပရိသတ် မျက်ရည်ကျရတယ်။ ဒါက မသန်စွမ်းမှုပုံစံ။ ဟာသဆိုရင် အမြင်ကတော့ ကျွန်တော်တို့ ခြေထောက်တွေက ကွေးနေကောက်နေမယ်။ လက်တွေ စကားပြောရင် ခါရမ်းနေမယ်ဆိုတာက ကျွန်တော်တို့ မသန်စွမ်းမှုအရ ဖြစ်ပေါ်လာတဲ့ ပုံသဏ္ဍာန်တွေ ဖြစ်တယ်။ ဒီပုံသဏ္ဍာန်တွေကို ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ ရယ်စရာ အမောပြေစရာ ဖြစ်မယ်ဆိုရင် ဒါကျွန်တော်တို့ လူ့ဂုဏ်သိက္ခာ ထိခိုက်နစ်နာ ဆုံးရှုံးတာပါပဲ။ ဒါမျိုးက အဖြစ်မခံနိုင်ဘူး ဒါကိုဖြေလျော့ဖို့ လိုတယ်” ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် အမျိုးသားကော်မတီ အဖွဲ့ဝင် ဦးဝဏ္ဍကျော်စွာက ပြောသည်။
 
ထိုသို့ ဖြစ်ပေါ်နိုင်သည့်အတွက် ရုပ်ရှင်ဇာတ်ကား ရိုက်သူများအနေဖြင့် မသန်စွမ်းသူများနှင့် ပတ်သက်ပြီး ရုပ်ရှင် ဇာတ်လမ်း ဇာတ်ကွက်များတွင် ကြီးကြီးမားမား ထိခိုက်နစ်နာမှု မဖြစ်စေသည့် ဝေါဟာရတွေ၊ ဟန်ပန်အမူအရာများ မဖြစ်ပေါ် စေရေးနှင့် ပြည်သူအမြင်တွင် မသန်စွှမ်းများက ရယ်စရာပုံသဏ္ဍာန် မဟုတ်ဘူးဆိုကြောင်း ဖော်ပြနိုင်ရန် မသန်စွမ်းသူများ ဇာတ်လမ်း ဇာတ်ကွက်များ ပါဝင်ပါက မသန်စွမ်းသူအသင်းများနှင့် ကြိုတင်ညှိနှိုင်း ဆွေးနွေးပြီး ထည့်သွင်း ရိုက်စေလိုကြောင်း ဆက်လက်ပြောသည်။
 
အဆိုပါ ကို့ရို့ကားရား ရုပ်ရှင်ဇာတ်ကားသည် ဒါရိုက်တာ ပြည့်ဟိန်းသီဟက ရိုက်ကူးပြီး မြင့်မြတ်ပါဝင် သရုပ်ဆောင် ထားချက်များသည် Disable များ၏ ဘဝကို နှိမ့်ချထားတယ် ဆိုသည့် အမြင်တွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့သည့်အတွက် လူပြောများသည့် ဇာတ်ကား တစ်ကားဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
 
စိုင်းဟန်
The Ladies News

 

Vote: 
No votes yet

Add new comment